MCL ရဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တာဖြစ်


2017.08.16
mcl-cement-622.jpg မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ကျောက်မီးသွေးလောင်စာသုံးနေတဲ့ MCL ဘိလပ်မြေစက်ရုံကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL ဘိလပ်မြေစက်ရုံက လည်ပတ်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံဟာ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဆောက်လုပ် လည်ပတ်နေတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကေ်ာမတီ ဥက္ကဌ က ပြောပါတယ်။

MCL ကုမ္ပဏီဘက်က ညှိနှိုင်းမှုတွေရှိခဲ့ပေမယ့်  စက်ရုံတည်ဆောက်ဖို့ အစိုးရထံ ကြိုတင်ခွင့်ပြုချက်ရယူတာမရှိခဲ့ဘဲ လည်ပတ်နေတာဖြစ်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြည်နယ်လွှတ်တော်ထံ အကြောင်းကြားလာ တာဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကေ်ာမတီဥက္ကဌ ဦးအောင်ကျော် သူက ပြောပါတယ်။

အဲဒီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၆ခုနှစ်ကတည်းက စတင်လည်ပတ်ပြီး လျှပ်စစ် ထုတ်လုပ်သုံးစွဲနေတာဖြစ်တဲ့အတွက် ဒေသခံတွေက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမသုံးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

MCL ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့အတွက် ၂၀၁၃ခုနှစ်ကတည်းက ခွင့်ပြုမိန့်ရခဲ့တာဖြစ်ပေမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ကိုတော့ အစိုးရထံ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ လက်ရှိမှာ တစ်နေ့ကို ဘိလပ်မြေတန် ၅၀၀၀ ကျော် ထုတ်လုပ်နေတာဖြစ်ပြီး ပြည်တွင်းမှာ ဖြန့်ချီရောင်းချနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။