လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်က စာသင်ကျောင်းနဲ့ နေအိမ်တွေပျက်စီး
2024.04.29

မွန်ပြည်နယ် ဘီးလင်းမြို့နယ်က တဂေးလောင်းရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၈ ရက်နေ့ညမှာ လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် တဂေးလောင်းရွာစာသင်ကျောင်းက အဆောက်အဦ သုံးလုံးနဲ့ ရွာထဲက နေအိမ်တစ်လုံးအပါအဝင် အဆောက်အဦ သုံးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲကျော်မှာ စစ်ကောင်စီက လေကြောင်းနဲ့လက်နက်ကြီး နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ကြီး တစ်လုံးက စာသင်ကျောင်းဝန်းထဲကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်သုံးလုံး ထိမှန်ပျက်စီးခဲ့တာပါ။
ဒါ့အပြင် တဂေးလောင်းရွာသားတွေပိုင်တဲ့ ဓာတ်ဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ နေအိမ်တစ်လုံးလည်း လက်နက်ကြီး ကျည်စ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂၃ ရက်နေ့ကလည်း တဂေးလောင်းရွာအနီးက မင်းစောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မင်းစောရွာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒေသခံအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ KNU က ပြောပါတယ်။
KNU ရဲ့ ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။