Eleven Media ကို ပြန်ကြားရေးဝန်ကြီးဌာန တရားစွဲမည်


2014.10.01
eleven-journal-305.jpg နေ့စဉ်ထုတ်ဝေတဲ့ Daily Eleven သတင်းစာတစ်စောင်ကို မြင်ရစဉ်
Photo: Eleven Media Group Facebook

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်ပါ 'အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ က နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ဖို့ ခွင့်ပြုနေသလား' ဆိုတဲ့ သတင်းဖော်ပြချက်ဟာ မိမိတို့ဝန်ကြီးဌာနရဲ့  ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို တရားစွဲဆိုသွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"သတင်းထုတ်ပြန်ချက် အတိုင်းပါပဲခင်ဗျ၊ ဒါ့အပြင် သီးခြားရှင်းပြစရာမလိုတော့ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်"

Eleven Media Group အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်ဝယ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့မှာ အထောက်အထား အပြည့်အစုံရှိတဲ့အတွက် တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ဆိုရင် စိစစ်နိုင်အောင် အထူးသဖြင့် တိုင်းပြည်ဘဏ္ဍငွေ မနစ်နာအောင်ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ဥပမာအားဖြင့်ဆိုပြီး ကျနော်တို့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်၊ မှန်ရင်မှန်တဲ့ အချက်အလက်ပေါ်မှာပဲ ချပြခြင်းဖြစ်ပါတယ်၊ ပုံနှိပ်စက်တွေ ရောင်းချတယ်ဆိုတာ နိုင်ငံတကာ မှာရှိတဲ့ မီဒီယာတွေကလည်း ဒါမျိုးတွေကို ဝယ်ယူနိုင်တာမျိုးတွေ ရှိနေပါတယ်၊ ဒီဈေးနှုန်းတွေကို ရှင်းလင်းမယ် ဆိုလို့ရှိရင် အဖြေပေါ်နိုင်ပါတယ်"

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပေမဲ့ Eleven Media Group ထံ အကြောင်းကြားတာ မရှိသေးကြောင်း ကိုဝေဖြိုးက ဆိုပါတယ်။

ပုံနှိပ်စက်တွေ ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Weekly Eleven News ဂျာနယ်ရဲ့ ဖော်ပြချက် မှားယွင်းကြောင်း သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြောကြား ခဲ့ပေမဲ့ နောက်တစ်နေ့ထုတ် The Daily Eleven သတင်းစာမှာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ထပ်မံဖော်ပြခဲ့ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)က တစ်ဆင့် ဖြေရှင်းဆောင်ရွက် ဖို့ နှစ်ကြိမ်ကြိုးစားခဲ့တာကိုလည်း Eleven Media Group က ငြင်းပယ်ခဲ့ကြောင်းနဲ့ မိမိတို့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိကြောင်း စသဖြင့် ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Eleven Media Group အယ်ဒီတာချုပ် ကိုဝေဖြိုးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

Eleven Media Group ကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုမယ့်ကိစ္စနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်မင်းထွန်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။