မိုးကုတ် အချုပ်ထောင် တပ်စခန်းကို TNLA သိမ်းပိုက်
2024.07.23

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ရွာအနီးက အချုပ်ထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင်လ ၂၃ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေယာဉ်တွေလည်း ဝဲတယ်။ ဗုံးတွေလည်း ကြဲတယ်။ ပြီးတော့ မိုးကုတ်အရှေ့ပိုင်းက နီလာစျေးကြီးကလည်း လက်နက်ကြီးကျပြီး တော်တော်ပျက်စီးသွားတယ်။ အရှေ့တစ်ရက်ကတော့ အချုပ်ထောင်ရယ်၊ ရဲစခန်းရယ် ရပြီပေါ့။ ဗျူဟာကုန်းကိုတော့ အပြင်းအထန်တိုက်နေတုန်းလို့ ပြောတယ်”
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိမှာ မိုးကုတ်မြို့ အရှေ့ပိုင်းကို ဆက်လက် ထိုးစစ်ဆင်နေတာပါ။
မိုးကုတ်မြို့အရှေ့ပိုင်းမှာရှိတဲ့ ရေကန်တောင်၊ တာဝါတိုင်နဲ့ ပတ္တမြားစေတီ တပ်စခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မိုးကုတ်မြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေထဲမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဇူလိုင်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။