မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးစတင်နေပြီလို့ NUG ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းများတွင် စစ်ဆင်ရေးဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားစဉ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းများတွင် စစ်ဆင်ရေးဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားစဉ်။ (National Unity Government)

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းမှာ ပြန်လည်စတင်တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ PDF တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့တွေက ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဆင်နွှဲနေကြပြီး အောင်ပွဲတွေ ဆက်တိုက်ရနေတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မိုးကုတ် ဗျူဟာတပ်ရင်းတွေ၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာ မြို့နယ် ပကဖ စတဲ့ တပ်ဖွဲ့တွေက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ စတဲ့ စစ်မျက်နှာတွေမှာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောင်ချိုမြို့နဲ့ ခမရ (၁၁၅)၊ မတ္တရာမြို့နယ်က ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင် စခန်း၊ (၆၀၆) ဒုံးတပ်ရင်းတွေကို သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ NUG ထုတ်ပြန်ချက်မှာ နောင်ချိုမြို့ကို သိမ်းပိုက်ထားတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့တော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အတည်မပြုပေးပါဘူး။

မတ္တရာမြို့နယ်က ခမရ (၁၁၄)၊ (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင် တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တွေကို မဟာမိတ်အဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေ အသေးစိတ်သိရဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမဲ့ လက်တလော အကြောင်းမပြန်သေးပါဘူး။ စခန်းတွေသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်ထားပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။