စစ်ကောင်စီတိုက်ခိုက်မှုကြောင့် TNLA တပ်သား တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

RFA Burmese
2024.06.18
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် TNLA တပ်သား တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာရသွားသည့် TNLA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သား တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာဘက်ကို လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ရာမှာ TNLA တပ်စခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ဇွန်လ ၁၈ ရက်နေ့ညနေကလည်း စစ်ကောင်စီက လက်နက်ကြီးသုံးကြိမ် ထပ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံး အသုံးပြတိုက်ခိုက်ခဲ့တာကြောင့် တပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဟိုင်ဂင်သဘောတူညီချက်ကိုချိုးဖောက်ပြီး TNLA တပ်ဖွဲ့တည်ရှိရာနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ TNLA က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။