မိုးကောင်းမှာ စက်သုံးဆီဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းနှစ်ဆယ်ကျော် ဖမ်းခံထားရ

RFA Burmese
2023.09.05
မိုးကောင်းမှာ စက်သုံးဆီဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းနှစ်ဆယ်ကျော် ဖမ်းခံထားရ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှ စစ်ကောင်စီ ဖျက်ဆီးလိုက်သည့် ဇင်ယော် စက်သုံးဆီဆိုင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မိုးကောင်းမြို့က ဇင်ယော် စက်သုံးဆီဆိုင်သုံးဆိုင်ကို PDF တွေ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီရက်ပိုင်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ရှင်နဲ့ ဝန်ထမ်း နှစ်ဆယ်ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ်နဲ့ ဆီဆိုင်နှစ်ဆိုင်ကိုပါ ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က ဆိုင်ဝန်ထမ်း နှစ်ဆယ်ကျော်ကို လာဖမ်းသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆီဆိုင်မှာရှိတဲ့ ဝန်းထမ်းတွေ အကုန်လုံးကို ဖမ်းထားတယ်။ ပိုင်ရှင်တွေကိုတော့ အဲနေ့တော့ မဖမ်းမိဘူးလို့ သိရတယ်။ ဆိုင်ဝန်ထမ်း အားလုံးဆိုရင် နှစ်ဆယ်ကျော် လောက်ရှိမယ်။ တစ်အိမ်မှာ ခုနစ်ယောက်၊ ရှစ်ယောက် ဝန်းကျင်ရှိတယ်လေ။ စက်တင်ဘာ ၂ ရက်နေ့က စဖမ်းတာ။ ၃ ရက်နေ့လည်း ဖမ်းတယ်။ ဆီဆိုင်နှစ်ဆိုင်ကို လည်း ဖျက်ဆီးပေးလိုက်တယ်”

ဆိုင်ရှင် ဦးမိုးကျော်နဲ့ မခင်မာဆွေတို့ ဇနီးမောင်နှံကိုတော့ နောက်ရက်မှာ စစ်ကောင်စီတပ်ဘက်က ဖုန်းဆက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်မှာ တစ်ဆိုင်၊ အထက်ရှမ်းစုမှာ တစ်ဆိုင်၊ မိုးကောင်းအထွက် ရှစ်မိုင်မှာ တစ်ဆိုင် စုစုပေါင်းသုံးဆိုင်ရှိတဲ့အနက် အထက်ရှမ်းစုဆိုင်နဲ့ ကျွန်းတောကဆိုင်ကို စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ရှစ်မိုင်ဆိုင်ကတော့ ပိတ်ထားဆဲလို့ ဒေသခံတွေက ပြောပါတယ်။

မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ကတော့ ဒါဟာဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“သူတို့ ဆီဆိုင်တွေကို မဖျက်ဆီးခင် ဝင်စီးတယ်ဆိုတာက ညကတည်းက ကျွန်တော်တို့ ကြားနေရပြီ။ ဝန်ထမ်း နှစ်ဆယ်ကျော်ကိုလည်း ကားနဲ့တင်ပြီး ခေါ်သွားတယ်ဆိုတာ အတည်ပြုနိုင်တယ်။ PDF တွေနဲ့ ဆက်သွယ်တယ်၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲရင်တောင် ဥပဒေကြောင်းမှာ အဲလိုလုပ်ခွင့်မရှိဘူးလေ ဒီအဆောက်အအုံတွေကို။ ဒါတရားရုံးက အမိန့်မချသေးဘူးလေ။ သူတို့ဟာနဲ့သူတို့ စွပ်စွဲချက်အဆင့်ပဲရှိသေးတဲ့ အချိန်မှာ ဖျက်ဆီးတာက ဥပဒေမဲ့လုပ်ရပ်ပဲ”

မိုးကောင်းမှာ ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခတ်ခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဘက်က အငြိုးနဲ့လုပ်နေတာလို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အဲဒီနောက်ပိုင်းကတည်းက မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ခဲ့သလို စက်တင်ဘာ ၅ ရက်နေ့အထိ ဖမ်းဆီးခံရသူ ရှစ်ဆယ်ကျော်ရှိပြီး အဲဒီအထဲက ပြန်လွတ်လာသူ သုံးဦးသာရှိသေးတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးထဲ ရောက်နေတယ်ဆိုတာကြောင့် တုံ့ပြန်ချက်မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။