ရခိုင်မှာ အကူအညီပေးခွင့် ပိတ်ပင်ခံထားရဆဲဖြစ်ကြောင်း ကုလထုတ်ပြန်

RFA Burmese
2023.07.21
ရခိုင်မှာ အကူအညီပေးခွင့် ပိတ်ပင်ခံထားရဆဲဖြစ်ကြောင်း ကုလထုတ်ပြန် စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်အပြီး ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။
RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ပုံမှန်စီမံကိန်းတွေ ပြန်လည်စတင်နေပေမယ့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်ပြည်သူတွေကို သွားရောက်ကူညီခွင့်ကို နှစ်လကျော်လာတဲ့အထိ ပိတ်ပင်ခံထားရတာပါ။

အလားတူပဲ မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ဝင်ရောက်ကူညီပေးဖို့ အဟန့်အတား ဖြစ်ပေါ်နေတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး အများအပြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သားသေဆုံးတာတွေနဲ့ အခုအစီရင်ခံကာလအတွင်းမှာတင် ပြည်နယ်သုံးခုက လူဦးရေ သုံးထောင်နီးပါးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ဒေသတွေကို ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေ ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကောင်စီထံကို ထပ်မံတင်ပြ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၉ သန်းနီးပါးအထိ ရှိလာပြီလို့ သိရပါတယ်။

အဲဒီအထဲက လူဦးရေ ၁.၆ သန်းနီးပါးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှု အပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ မုန်တိုင်းကြောင့် အိမ်ခြေစုစုပေါင်း ၂၉၀,၀၀၀ နီးပါး ပျက်စီးသွားပြီး ပြည်သူ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲက ၇၅ ရာခိုင်နှုန်းကတော့ အမိုးအကာ အောက်ကို ရောက်နေပေမယ့် ကျန်တဲ့သူတွေကတော့ အမိုးအကာအောက်ကို မရောက်နိုင်ကြသေးဘူးလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။