မြန်မာနိုင်ငံသား ၄ ဦးကိစ္စ လူ့အခွင့်အရေးကော်မရှင်က ထိုင်းအစိုးရထံ စာရေးမည်
2016.06.01

ထိုင်း - မြန်မာနယ်စပ် ရနောင်းမြို့မှာ အသက် ၁၆ နှစ်အရွယ် ထိုင်းအမျိုးသမီး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံသား လေးဦးအမှုကို အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော် မရှင်က ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်ထံ တောင်းဆိုစာ ပေးပို့ဖို့ စီစဉ်နေပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ တရား စီရင်ရေးဖြစ်ဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် က ပြောပါတယ်။
"ကျနော်တို့က တရားရုံးကိစ္စတွေကို ဝင်စွက်ဖက်မှု မရှိခဲ့ပေမယ့်လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ဥပဒေအကျိုး ခံစားလို့ရအောင်ပဲ ကျနော်တို့က တောင်းဆိုတာပါ၊ တရားခံ မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးပေါ့၊ ဟုတ်ရင်လည်း ဟုတ်တာပေါ့၊ အပြစ်ဒဏ်ခံမှာပေါ့၊ မဟုတ်ဘူးဆိုရင်လည်း လွှတ်တာကို ခံစားရမှာပေါ့လေ"
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရနောင်းမြို့မှာ ထိုင်းအမျိုးသမီး အသတ်ခံခဲ့ရတာ ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က အဲဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတာ တစ်လ ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက ၂ ဦးဟာ အသက် ၁၈နှစ် မပြည့်သေးတာကြောင့် အသက်မပြည့် သူတွေနဲ့ ပတ်သက်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့အတွက် လည်း ထည့်သွင်းတောင်းဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အဖွဲ့ဝင်တွေက မနေ့က လူ့အခွင့်ရေး ကော်မရှင်ထံ တင်ပြခဲ့ပြီး ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ တာဖြစ်ပါတယ်။