လောက်ကိုင်နဲ့ ကုန်းကြမ်း ရဲစခန်းကို ဝင်တိုက်မယ်ဆိုတဲ့ သတင်းကြောင့် ရဲမိသားစုတွေ စိုးရိမ်


2017.03.01
mndaa-koekant-army-620.jpeg တရုတ်မြန်မာနယ်စပ်မှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: AFP

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေက ရဲစခန်းတွေကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ် ရဲတပ်ဖွဲ့ဝင်မိသားစုတွေက စိုးရိမ်မှုတွေရှိနေတဲ့အတွက် နေရပ်ပြန်ဖို့ လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့က ခွင့်ပြုပေးထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ဘက်က အခြေခံပညာအဆင့် စာမေးပွဲတွေပြီးတဲ့အခါ တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အတွက် လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုပေးထားတာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။

"ကလေးတွေအခု ၁၀ တန်းစာမေးပွဲတွေ ဖြေပြီးတဲ့အချိန်ကျရင် ကိုးကန့်သောင်းကျန်းသူအနေနဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းလေးတွေရထားတယ်လေ။ လောက်ကိုင်ခရိုင်မှူးကတော့ ပြန်ချင် လည်းပြန်ကြပေါ့။ ဒီမိသားစုလေးတွေဆိုပြီးပြောလိုက် တာပေါ့။ ပြောလိုက်တော့တချို့ကလည်း ချဲ့ကားပြီးတော့ မှ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့။ ခရိုင်မှူးကလည်း သူ့မိသားစုဝင်တွေရဲ့ အနေအထားအရ စာမေးပွဲဖြေပြီး ရင်တော့ ပြန်ချင်ပြန်နိုင်တယ်ပေါ့။ ကျနော်တို့က ယူနီဖောင်းဝတ်တဲ့ တပ်ဖွဲ့ဝင်စည်းမျဉ်းတွေဆိုတော့ သူရဲ့အ ဆင့်ဆင့်တင်ပြပြီးတော့ ပြန်ခွင့်ပြုမယ်ဆိုပြီး အဲ့လိုမျိုးလေးပြောလိုက်တာပေါ့။ "

တရုတ်-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မော်ထိုက်နဲ့ကုန်းကြမ်းမြို့က ကျေးရွာတွေမှာ အစိုးရ တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေ တာရှိပေမယ့် လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့ပေါ်မှာ စိုးရိမ်ရတဲ့ အနေအထားတွေ မရှိဘူးလို့ ပြောပါတယ်။

၂၀၀၉ ခုနှစ်က လောက်ကိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရတာတွေရှိသလို ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ရဲစခန်းတွေတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့တာတွေရှိတာကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက မုံးကိုးရဲစခန်းတိုက်ခိုက်ခံခဲ့ရတဲ့အချိန်ကလည်း လောက်ကိုင်ခရိုင်အတွင်းက ရဲတပ်ဖွဲ့ဝင်မိသားစုတွေကို လားရှိုးမြို့ပေါ် ကို ပြောင်းရွှေ့ နေရာချထားခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလက လောက်ကိုင် ကို ပြန်လည်ခေါ်ယူ ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။