ကချင်မှာ လေကြောင်းကနေ တိုက်ခိုက်တာ မဟုတ်ကြောင်း အစိုးရငြင်းဆို

မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကချင်လက်နက်ကိုင် KIA အဖွဲ့တို့ အပြန်အလှန်ပြစ်တင် ပြောဆို ခဲ့ကြသလို ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် က လေကြောင်းကနေ တိုက်စစ်ဆင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းလည်း အစိုးရ က ငြင်းဆိုခဲ့ပါတယ်။

2013.01.01
attack-jet-305 MI24 ရဟတ်ယာဉ်မှ ဒုံးပျံပစ်လွှတ်နေပုံ
Photo: Free Burma Ranger

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေသုံးစွဲပြီး ထိုးစစ်ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိတို့ရဲ့ တပ်တွေဆီ ရိက္ခာပို့ဆောင်တဲ့လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထားတာကြောင့် လဂျားယန်မှာရှိတဲ့ ရိက္ခာပြတ်တောက်နေပြီဖြစ်တဲ့ မိမိတို့တပ်ဖွဲ့တွေအတွက် လေကြောင်းကနေ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးနေတာသာဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်း ကို ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင်ကချင်ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ အစိုးရနဲ့ကချင်ကြား နှစ်ဦးနှစ်ဘက် ဆွေးနွေးကြဖို့ဖြစ်ပါတယ်၊ အစိုးရ ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင်တွေကလည်း KIA နဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုထားပေမဲ့ အကြောင်းပြန်ကြားချက် မရသေးပါဘူး၊ KIA ဘက်ကသာ ပိတ်ဆို့ထားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက်ရင် လတ်တလောပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်၊ လိုင်ဇာ မှာရှိတဲ့ KIA ဌာနချုပ် ကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်းလည်း တပ်မတော်က ကတိပြုထားပြီး ဖြစ်ပါတယ် လို့လည်း ဗိုလ်မှူးဇော်ဌေး က ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ဒါပေမဲ့ အစိုးရတပ်တွေချထားတဲ့ လဂျားယန် ဟာ KIA ရဲ့ နောက်ဆုံး တပ်စခန်းဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ၆မိုင်လောက်ပဲ ဝေးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က KIA ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို ခရစ်စမတ်နေ့ နောက်ဆုံးထားပြီးဖွင့်ပေးဖို့ စစ်တပ်က အကြောင်းကြားစာပို့ခဲ့ပါတယ်။ KIA ပြောခွင့်ရသူ ဦးလနန်  က ဒီရာဇသံဟာ ပြဿနာကို နိုင်ငံရေးနည်းထက် စစ်ရေးနည်းသာနဲ့ ဖြေရှင်းမယ်လို့ ကြေညာလိုက်တာသာဖြစ်ကြောင်း၊ အခုစစ်တပ်ရဲ့ ထိုးစစ်ဟာ စစ်တပ်ကသတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို ကချင်ကလက်ခံလာရအောင် အင်အားသုံးမယ်ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း၊ စစ်တပ်ဆီပို့တဲ့ ရိက္ခာတွေထဲမှာ ဆန်အပြင် လက်နက်နဲ့ကျည်ဆန်တွေပါပါဝင်ကြောင်း၊ မိမိတို့ကို ချေမှုန်းရာမှာသုံးစွဲမယ့် လက်နက်တွေသယ်လာတဲ့ ဘယ်ရိက္ခ္ခ္ခ္ခ္ခာတင်ကားကိုမှ ခွင့်ပြုမှာမဟုတ်ကြောင်း၊ ဒါဟာ စစ်ပွဲရဲ့သဘာဝဖြစ်ကြောင်း AP သတင်းကို ပြောဆိုပါတယ်။

ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်ဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့ပေမဲ့ အခုထိ အကောင်အထည်မပေါ်သေးတဲ့အတွက် နိုင်ငံရေးလေ့လာသူတွေအတွက် ဝေဖန်စရာဖြစ်နေပါတယ်။    

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။