ဒီမိုကရေစီ ဦးတည်တဲ့ ပြောင်းလဲမှုတွေ တွေ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်တဲ့ ပြောင်းလဲ တိုးတက်မှုတွေကို တွေ့လာရကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောကြားလိုက်ပါတယ်။

2012.01.27
mitch-mcconnell-b305 အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
senate (photo)

မြန်မာနိုင်ငံက ပြန်ရောက် လာပြီးနောက် မနေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ဆွေးနွေး တင်ပြချက်မှာ မစ္စတာ မက်ကော်နယ်လ်က အခုလို ပြောကြား လိုက်တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ပြောင်းလဲမှုတွေဟာ အရင် ဆယ်စုနှစ်ပေါင်းများစွာထက် ပြီးခဲ့တဲ့ ၆ လအတွင်း အများကြီး တိုးတက် လာတာ တွေ့ရကြောင်း၊ ပြီးခဲ့တဲ့အနှစ် ၂၀ အတွင်း မြန်မာ့အရေး စိတ်ဝင်တစား ဆောင်ရွက်ခဲ့သူ၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူရေး ဦးဆောင် ကြိုးပမ်းခဲ့သူ တစ်ဦးအနေနဲ့ ဒီအချက်ဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်ကြောင်း မစ္စတာ မက်ကော်နယ်လ်က ပြောပါတယ်။

ဆက်လက်ပြီး မစ္စတာ မက်ကော်နယ်လ်က အနှစ် ၂၀ လောက် မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးအဆင့် နှိမ့်ထားရာက အခု သံအမတ်ကြီးအဆင့် ထားရှိဖို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဆုံးဖြတ်ခဲ့တာကိုလည်း ကြိုဆို လိုက်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ ရှေ့တိုးလုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့အတွက် မိမိတို့ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူထားတာတွေ ရုပ်သိမ်းပေးဖို့ကိုတော့ ထောက်ခံဦးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။