မြန်မာပြည်ဒီမိုကရေစီအရေး အားပေးခဲ့တဲ့ လွှတ်တော်အမတ် ဖိုင်းစတိုင်း ကွယ်လွန်

ကယ်လီဖိုးနီးယားပြည်နယ်  ဒီမိုကရက်ပါတီအမတ် ဒိုင်ယန်း ဖိုင်းစတိုင်း အား ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အထက်လွှတ်တော်တွင် တွေ့ရစဉ်။
ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်ပါတီအမတ် ဒိုင်ယန်း ဖိုင်းစတိုင်း အား ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အထက်လွှတ်တော်တွင် တွေ့ရစဉ်။ (AFP)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် အမျိုးသမီး ဒိုင်ယန်း ဖိုင်းစတိုင်း စက်တင်ဘာ ၂၈ ရက်ညက သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

အထက်လွှတ်တော်အမတ် ဖိုင်းစတိုင်းဟာ ၁၉၉၂ ခုနှစ်မှာ အမတ်အဖြစ် စတင်ရွေးကောက်ခံရချိန်ကတည်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အားပေးထောက်ခံခဲ့သူဖြစ်ပြီး၊ အထက်လွှတ်တော် မှာ မြန်မာ့အရေးအတွက် အားပေးထောက်ခံတဲ့အမတ်တွေ ပါဝင်တဲ့ အဖွဲ့မှာ ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် ပါတီ အမတ် တစ်ဦးဖြစ်တဲ့ ဒိုင်ယန်း ဖိုင်းစတိုင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉ဝ ရှိပြီး၊ အမေရိကန် အထက်လွှတ်တော်မှာ အသက်အကြီးဆုံး အမတ်လည်း ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။