ဆီဆိုင်မြို့မှာ နေရပ်ပြန်တဲ့ဒုက္ခသည်တွေ ပျောက်ဆုံးမှုများလာ

RFA Burmese
2024.04.11
ဆီဆိုင်မြို့မှာ နေရပ်ပြန်တဲ့ဒုက္ခသည်တွေ ပျောက်ဆုံးမှုများလာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသည့် ဆီဆိုင်မြို့ခံတချို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်နယ် ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးဒုက္ခသည်တချို့ မြို့ကိုခေတ္တပြန်ချိန် အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားတဲ့လူအရေအတွက် ခြောက်ဆယ်ခန့်ရှိလာပြီလို့ ဒေသခံတွေနဲ့ ပအိုဝ်း လူငယ်အစည်းအရုံး (PYO) က ဧပြီလ ၁၁ ရက်မှာ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ကိုယ့်အိမ်နေရာကို သွားပြန်ကြည့်တာ၊ နေအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေ သွားယူတာ စတဲ့အကြောင်းအမျိုးမျိုးနဲ့ ခေတ္တနေရပ်ပြန်စဉ်မှာ မိသားစုနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားကြတာလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ပြောခွင့်ရသူ နန်းက ပြောပါတယ်။

“ပျောက်သွားတဲ့လူက အယောက် ခြောက်ဆယ်ခန့်ရှိတယ်။ အဲဒီထဲမှာ ဘာကြောင့် ပျောက်သွားတယ်၊ ဘယ်နေရာမှာ ပျောက်သွားတယ်ဆိုတဲ့ အချက်အလက်နဲ့ ရထားတဲ့လူစာရင်းက ဆယ်ယောက်ခန့် ရထားတယ်။ ကျန်တာတော့ ဆက်ပြီးစုံးစမ်းနေတုန်းပဲ”

ပျောက်ဆုံသွားသူတွေထဲမှာ ဆီဆိုင်မြို့ အောင်သပြေရပ်ကွက်မှာနေထိုင်တဲ့ ၁၉ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်နဲ့ သူ့မိတ်ဆွေ ကိုဂျွန်မားတို့ နှစ်ဦးလည်း ပါဝင်ပြီး မတ်လ ၂၁ ရက်နေ့ကတည်းက အဆက်အသွယ်မရတော့တာလို့ ကိုပြည့်ဖြိုးအောင်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“မြို့ထဲကို ပြန်လာလို့ရပြီဆိုပြီး သတင်းတွေထွက်နေတော့ သူ့သူငယ်ချင်းနဲ့သွားကြတာ။ အခုထိ အဆက်အသွယ်မရဘူး။ သေလား ရှင်လားလည်း မသိဘူး။ ဒီလို ပျောက်ပျောက်သွားတဲ့လူတွေ အများကြီးပဲဆိုတော့ စိတ်ပူနေရတာ”

ဒုက္ခသည်အရေး ကူညီပေးနေသူအချို့ကတော့ နေရပ်ပြန်တဲ့ဒေသခံတွေဟာ တိုက်ပွဲအတွင်း ပစ်ခတ်ခံရတာ၊ လက်နက်ကြီးထိတာ၊ မြေမြှုပ်မိုင်းထိတာအပြင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာတွေကြောင့် အဆက်အသွယ် မရတော့တာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် အရပ်သား ၅၈ ဦး သေဆုံးခဲ့ပြီး ခုနစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ PYO ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။