ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးရှိနေသေးတယ်လို့ ထုတ်ပြန်


2017.09.28
hindus-corpse-622.jpg မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျနဲ့ အိုးထိန်းကျေးရွာတွေကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတွင်း ပျောက်ဆုံးနေဆဲ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးရှိပြီး ရုပ်အလောင်း သေဆုံးသူ ၅၂ ဦးရှိနေတယ်လို့ အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီက မနေ့ညက ထုတ်ပြန်ပါတယ်။

မနေ့က နိုင်ငံခြားနဲ့ ပြည်တွင်းသတင်းဌာတွေ သွားရောက်ကြည့်ရှုခဲ့တဲ့နေရာမှာ တွေ့ရှိတဲ့ ရုပ်အလောင်းက ၄၅လောင်းဖြစ်ပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့က မောင်တောမြို့ပေါ်မှာ အသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင် ၇ လောင်းကိုပါ ထည့်တွက်ရင် သေဆုံးသူ ၅၂ ဦးဖြစ်ပါတယ်။ ပျောက်ဆုံးနေဆဲ အရေအတွက်က ၁၉၂ ယောက်ဖြစ် ပါတယ်။

ပျောက်ဆုံးသူတွေနဲ့ပတ်သက်ပြီး နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ဟိန္ဒူဘာသာ ဝင်တွေကနေတဆင့် မေးမြန်းပြီး ရှာဖွေမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ရုံးက ဆောင်ရွက်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီကလည်း လူပေါင်း ၂၇၀၀ ကျော်ဟာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ မြို့တွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ မောင်တောဒေသမှာ နေထိုင်တဲ့ ရခိုင်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်လူမျိုးတွေနဲ့ မွတ်ဆလင်တွေ၊ ဟိန္ဒူဘာသာဝင်တွေပါ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြ တာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းတွေမှာတော့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေ ရတဲ့ မွတ်ဆလင်ဦးရေ လေးသိန်းကျော်ရှိတယ်လို့ ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။