ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဟိန္ဒူ အမျိုးသမီးတွေ ပြန်လည်ရောက်ရှိ


2017.10.05
hindus-refugees-622 ARSA အကြမ်းဖက်သမားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေး ၈ ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာစဉ်
Photo: Information Committee

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေအတွင်း တဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ခေါ်ဆောင်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦးဟာ ပြန်လည်ရောက်ရှိလာကြပြီလို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီအမျိုးသမီးသမီးတွေဟာ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာကဖြစ်ပြီးတော့ မြန်မာနိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့အကူအညီတွေနဲ့ စက်တင်ဘာလကုန်ပိုင်းနဲ့ ဒီလဆန်းပိုင်းတွေမှာ ပြန်လည်ရောက်ရှိလာ ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးတွေကို အစ္စလာမ်ဘာသာကိုသွင်းမယ်ဆိုပြီး သတ်ဖြတ်မခံရဘဲ တစ်ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းကို ခေါ်ဆောင်ခံခဲ့ရသူတွေဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း အဲဒီအမျိုးသမီးတွေရဲ့ မိသားစုဝင်တွေကို သူတို့ရဲ့ရှေ့မှာပဲ အကြမ်းဖက်တွေက သတ်ဖြတ်ခဲ့ကြတာဖြစ်သလို ရဲဘော်ကျကျေးရွာမှာနေထိုင်တဲ့ ဟိန္ဒူဘာသာဝင်တွေ အားလုံးဟာလည်း သူတို့ရဲ့ရှေ့မှာပဲ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသမီးတွေက ပြောတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လနောက်ဆုံးပတ်က ခမောင်းဆိပ်မြို့ ဘော်တလာကျေးရွာအနီးမှာတွေ့ရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်း ၄၅ လောင်းကို အဲဒီအမျိုးသမီးတွေက ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ဆက်သွယ်သတင်းပေးမှုကြောင့် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ၅၂ ယောက်သေဆုံးပြီး ၁၉၂ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။