မိဘမဲ့ဖြစ်သွားရတဲ့ ဟိန္ဒူဘာသာဝင် ကလေးတွေကို ကူညီမည်


2018.08.09
sawmyayarzarlin-622.jpg ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU) ဥက္ကဋ္ဌ စောမြရာဇာလင်းကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ မိဘမဲ့ဖြစ်သွားရတဲ့ ကလေးတွေဟာ စစ်တွေမြို့က ဈေးဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေရပြီး သူတို့တွေအတွက် အကူအညီတွေရအောင် ကြိုးပမ်းသွားမယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဋ္ဌက ဒီနေ့ ပြောလိုက်ပါတယ်။

ကလေးငယ်တွေရဲ့ အခွင့်အရေးအတွက် အတတ်နိုင်ဆုံးကြိုးပမ်းသွားမယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU) ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောပါတယ်။

"ကလေးတွေကတော့ ဆိုင်တွေမှာဝင်ပြီးတော့ အလုပ်လုပ်နေရတယ်ဆိုတာမျိုးကို ကျမကြားတဲ့အခါမှာ ဒီကလေးတွေကိုယ်စား ကျမ အရမ်းကြီး စိတ်မကောင်းဖြစ်တယ်။ မိဘနေရာမှာလည်း ကျမ ဝင်ပြီးတော့ကြည့် မိတယ်။ ကျမ ကိုယ်တိုင်ကလည်း မိဘမဲ့ကလေးတွေကို ကူညီလာတဲ့ လူတစ်ယောက်ဖြစ်တော့ ဒီကလေးတွေ အတွက် ကျမ အရမ်းအလုပ်လုပ်ချင်တယ်။ ဒီကလေးတွေရဲ့အကြောင်းကို ကျမ မှတ်တမ်းမှတ်ရာယူပြီးတော့မှ ကျမ ရန်ကုန်ကိုရောက်တဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေးဖို့အတွက် ကျမ စဉ်းစားနေပါတယ်။ ကျမ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာပါ"

ရဲဘော်ကျကျေးရွာက ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ မိဘဆွေမျိုးတွေအားလုံး သတ်ဖြတ်ခံရပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ဟိန္ဒူကလေးငယ် ၇ ဦးခန့်ဟာ စစ်တွေမြို့က ဟိန္ဒူဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ မှီခိုနေရတာပါ။

အဲဒီမိဘမဲ့ ကလေးတွေကို အစိုးရကတာဝန်ယူပြီး နီးစပ်ရာကျောင်းတွေမှာ ပညာသင်ပေးဖို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာ အစိုးရက အလေးမထားတာကြောင့် သူတို့ရဲ့ ရပ်တည်ရေးအတွက် စစ်တွေမြို့က ဈေးဆိုင်တွေမှာ အလုပ်ဝင်လုပ်နေရတယ်ဆိုတဲ့အကြောင်း RFA က ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းကြောင့် ကလေးငယ်တွေရဲ့ အခွင့်အရေးအတွက် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save The Children နဲ့ မကြာခင် တွေ့ဆုံနွေးသွားမယ်လို့လည်း စောမြရာဇာလင်းက ပြောပါတယ်။

လက်ရှိမှာလည်း အဲဒီကလေးတွေအပါအဝင် ဟိန္ဒူဒုက္ခသည်တွေအရေးအတွက် နိုင်ငံခြားသံရုံးအချို့နဲ့ ဆက်သွယ်ထားတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။