တိုက်ပွဲတွေအတွင်း ဒေသခံတွေ ပျောက်ဆုံးမှု ရှိနေ


2019.02.25
myaukoo-622.jpg မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေအပါအဝင် လူ ၁၁ ဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ ၈ ဦးခန့်က ရန်အောင်ပြင်၊ တနိုင်းခံ၊ သာစည် စတဲ့ ကျေးရွာတွေကဖြစ်ပြီး ၃ ဦးကတော့ စစ်ကိုင်းတိုင်းဘက်ကနေ ဈေးလာရောင်းချသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာတွေဟာ AA နဲ့ အစိုးရတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရွာတွေဖြစ်ပါတယ်။

သူတို့အားလုံးကို တပ်မတော်က ဖမ်းဆီးထားတာလို့ ဒေသခံတွေက ပြောကြပေမယ့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ မတရားဖမ်းဆီးခေါ်ဆောင်တာတွေ မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

လက်ရှိမှာလည်း မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကနေ ရွာသားတွေကို တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ၊ ဖမ်းဆီးစစ်ဆေးတာတွေရှိတာကြောင့် ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ကြား ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ဒေသခံကျေးရွာသား ၈ ဦးခန့် ပျောက်ဆုံးနေပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလား၊ နှစ်ဘက်တပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာလားဆိုတာ အတိအကျ မသိရတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ပျောက်ဆုံးနေသူ ၈ ဦးဟာ ရန်အောင်ပြင်၊ တနိုင်းခံ၊ သာစည် စတဲ့ကျေးရွာတွေကဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတချို့က ယူဆကြပါတယ်။

"၁၈ရက်နေ့ကနေ ဒီနေ့အထိပျောက်နေတဲ့လူ ၈ ဦးရှိပြီ မေးမြန်းကြည့်တဲ့အခါမှာ ဒေသခံတွေ ပြောပြချက်အရတော့ တပ်မတော်ဘက်ကပဲ ဖမ်းသွားတယ်လို့ ထင်နေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုက တပ်မတော်ဘက်က လမ်းပြဖို့သော်လည်းကောင်းပေါ့နော်။ ခေါ်သွားတာတွေက အများကြီးဖြစ်နေတယ်။ တချို့လည်း ပြန်ရောက်လာတာရှိတယ် ဒီဖြစ်စဉ် အကုန်လုံးမှာ စစ်တပ်ကပဲ ခေါ်တဲ့ဟာများတဲ့အခါကျတော့ ဒေသခံတွေစိတ်ထဲမှာ တပ်မတော်ကပဲ ခေါ်သွားတယ်လို့ ထင်နေကြတယ်"

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပြောသွားတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဦးမြို့နယ် ရန်အောင်ပြင်ကျေးရွာအနီးမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၅လောင်း တွေ့ရှိထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပျောက်ဆုံးနေတဲ့ ဒေသခံရွာသားတွေ ဖြစ်နေမလားဆိုပြီး မိသားစုဝင်တွေက စိုးရိမ်နေကြပေမယ့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကြောင့် ရုပ်အလောင်းတွေကို အတည်ပြုစစ်ဆေးဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး တင်မင်းဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်ထားတာမရှိသလို ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီးလည်း မသိရှိကြောင်း ဖြေကြားပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရန်အောင်ပြင်ကျေးရွာက ရွာသားတစ်ဦး ပါဝင်ပါတယ်။  အဲဒီနေ့က နွားတွေကို စားကျက်ကနေ နေအိမ်ပြန်မောင်းလာတဲ့ ဒေါ်စိန်ဒါရဲ့ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေတာပါ။ ခင်ပွန်းဖြစ်သူကို တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေါ်စိန်ဒါက RFA ကို ပြောပါတယ်။

"ကျွန်မ တပ်ထဲသွားတဲ့အခါမှာ ခြေထောက်ကို ကြိုးချည်ထားတယ် တပ်မတော်ဘက်က ပြောတာကတော့ အရေးမကြီးဘူးတဲ့။ ပြန်လွှတ်လိုက်မယ်ပြောတယ် ခုထိပြန်မလွှတ်သေးဘူး"

လက်ရှိ မြောက်ဦးမြို့နယ်မှာဆိုရင် ဒေသခံတွေဟာ တိုက်ပွဲတွေအတွင်း ပေါ်တာဆွဲခံရတာ၊ လမ်းပြအဖြစ် ခေါ်ဆောင်ခံရတာ၊ ဖမ်းဆီးခံရတာတွေကြောင့် အိမ်အပြင်ကို မထွက်ရဲကြဘဲ ကြောက်ရွံ့နေကြပါတယ်။

"အကုန်လုံးက ကြောက်နေရတယ် ရွာပြင်ကိုလည်း မထွက်ရဲဘူး စားဖို့သောက်ဖို့လည်း မရှိဘူး အခုက ရှာစားရတာလည်းမလွယ်ဘူး တောထဲမှာ ဝင်ရှာဖွေစားသောက်တာဆိုတော့ တောထဲမဝင်ရတော့ ငတ်မွတ်နေကြတာပေါ့"

အမည်မဖော်လိုတဲ့ ရန်အောင်ပြင်ရွာသားတစ်ဦး ပြောသွားတာပါ။

ဒီလိုဒေသခံရွာသား ၈ ဦးခန့် ပျောက်ဆုံးနေသလို စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ဘက်ကနေ မြောက်ဦးမှာ လာရောက်ဈေးရောင်းချနေတဲ့ ဈေးသည် ၃ ဦးလည်း ဖေဖော်ဝါရီလ ၁၈ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ပျောက်ဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညို၊ အောက်သားကန် ၊ ပျဉ်းထောင် ၊ တောင်ဦး စတဲ့ ကျေးရွာတွေကို ဈေးရောင်းချဖို့ သွားတဲ့ မျိုးထိုက်ဝင်း ဆိုသူဟာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ပျောက်သွားပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်နေ့မှာ သူ့ကိုလိုက်လံရှာဖွေတဲ့ မိသားစုဝင်နှစ်ဦးလည်း ထပ်မံပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

ဒီပျောက်ဆုံးသွားသူ ၃ ဦးနဲ့ ပတ်သက်ပြီး မိသားစုဝင် ကိုမျိုးထိုက်ဦးက အခုလိုပြောပါတယ်။

“ကျွန်တော့်ညီက ၁၈ ရက်နေ့ကပျောက်သွားတာ ဦးစိုးနိုင်ရယ် မောင်ရာဇာထွန်းရယ်က သူကိုလိုက်ရှာရင်း ၁၉ ရက်နေ့ နေလည်ကတည်းက အဆက်အသွယ်မရဘဲ ပျောက်သွားတာ ရဲစခန်းကိုတော့ လူပျောက်တိုင်ထားတယ် တပ်တွေဘာတွေတော့ မေးတာမရှိဘူး။ ရဲစခန်းကတော့ ရှာပေးမယ်ပြောတယ်။ စိတ်ပူတာပေါ့။ သူတို့က သတင်းလည်းမရ ဘာလည်းမရ ဘယ်လိုဖြစ်နေလဲ။ သေလားရှင်လားလည်းမသိ အဲလိုတွေ စိတ်ပူနေရတာပေါ့။ ကျွန်တော်တို့မိဘတွေဆို ငိုလိုက်ရယ်လိုက်ဖြစ်နေကြတယ်"

ဒီပျောက်ဆုံးနေသူတွေနဲ့ပတ်သက်ပြီး တပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ အဲလိုမျိုး အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုးမရှိဘူး။ တပ်ဘက်ကတော့ ရွာသားတွေကို ဒီလိုမျိုး ပေါ်တာစွဲတာတွေ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်ညှင်းပန်းတာတွေရှိတယ်"

ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောသွားတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့...

"ဒါလုံခြုံရေး လုပ်နေတာ မှန်သမျှကို ဖုန်းနဲ့ ဗွီဒီယိုရိုက်နေတယ် ဖုန်းနဲ့ ပုံရိုက်နေတယ် ဆိုရင်တော့ ကျွန်တော်တို့က ခေါ်ယူ စစ်ဆေးရမယ့်တာဝန် ရှိတာပေါ့။ ဒါမျိုးတွေကတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး၊ မြေပြင်မှာ လုပ်ကောင်းလုပ်နိုင်တယ်။ ကျန်တဲ့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာတို့ ဘာတို့ ရှိစရာလည်း အကြောင်းမရှိဘူး။ ရှိရင်လည်း တရားဝင် ကျွန်တော်တို့လည်း သိမယ်။ သိရင်လဲ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရဲစခန်းမှာ အမှုဖွင့်တာတွေရှိမယ်"

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံ ၂၅ ဦးထက်မနည်းဟာလည်း မတရားအသင်း ဆက်သွယ်မှုဥပဒေ နဲ့ ဖမ်းဆီးအရေးယူခံနေရပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲတွေအတွင်း ဒေသခံအရပ်သား ၃ ဦးခန့်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး မြောက်ဦးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် တစ်ပတ်အတွင်း ဒေသခံ တစ်ထောင်ကျော်လောက် ထွက်ပြေးနေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တွေမှာလည်း စစ်ဘေးဒုက္ခသည် ၇၀၀၀ ခန့် ရှိနေတာကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်အတွင်း AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲကြောင့် လူပေါင်း ၈ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့အခြေအနေ ဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။