နေပြည်တော်မှ မြေသိမ်းခံရသော မိသားစုများ တရားလည်း အစွဲခံရ
2011.02.15

ဘိုးနွယ်ရွာက မြေယာသိမ်းယူခံရတဲ့ အိမ်ထောင်စု ၁၄ စုက အိမ်ထောင်ဦးစီးတွေကို လာမဲ့ ၁၇ ရက်နေ့မှာ အာမခံမဲ့ သူ ၂ ဦး နဲ့အတူ ပြန်လာဖို့ တရားရုံးက ချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုခံထားရသူ တဦးက ပြောပြပါတယ်။
လာမဲ့ ၁၇ ရက်နေ့မှာ အာမခံမဲ့သူ မရှိရင် ဖမ်းချုပ်ခံရမဲ့ သဘောဖြစ်နေတယ်လို့ သိရ ပါတယ်။
နေပြည်တော်မှာ တည်ဆောက်တဲ့ မြို့ ၅ မြို့ထဲက တမြို့ဖြစ်တဲ့ ဒက္ခိဏသီရိမြို့မှာ ကားဂိတ် ဆောက်လုပ်ဖို့ မြေယာတွေ သိမ်းယူခံရတဲ့ ၂၃ စု ရှိခဲ့ပြီး၊ ဒီမိသားစုတွေက မြို့သစ်စီမံကိန်း အမှတ် ၉၂၀ အတွင်း ပြန်လည် နေရာချထားပေးပါရန် တောင်းဆိုတာကို မလိုက်လျောတဲ့အတွက် မိသားစု ၁၄ စုက နေအိမ်တွေကနေ ဖယ်မပေးပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။
လက်ရှိ နေရာချထားပေးတဲ့ နေရာဟာ ရေရှည် အခြေချနေထိုင်ရန် မသင့်တော်တဲ့အတွက် လက်မခံနိုင်တာ ဖြစ်တယ်လို့ တရားစွဲဆိုခံထားရသူ တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လပိုင်းလောက်ကတည်းက စတြင်ပီး ဆောက်လုပ်ရေးဌာနကနေ မြေတိုင်းထွာပြီး နေရာတွေ စတင် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် မြို့နယ် စည်ပင်သာယာရေးကနေ ပျက်စီးသွားတဲ့ အဆောက်အအုံတွေအတွက် လျော်ကြေးငွေ တွက်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြန်လည် နေရာချထားရာမှာတော့ မြေသိမ်းခံရသူတွေ မနေလိုတဲ့ နေရာတွေမှာ အတင်းအကျပ် နေခိုင်းတဲ့အတွက် လက်မခံခဲ့တာ ဖြစ်ကြောင်း မြေယာသိမ်းခံရသူတွေက ပြောဆိုခဲ့ပါတယ်။