ပြန်ကြားရေးနဲ့ Eleven Media အမှု စတင်စစ်ဆေး
2014.11.19
ပြန်ကြားရေးဝန်ကြီးဌာနက Eleven Media Group ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ၄ ကြိမ်မြောက်စစ်ဆေးရာ တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးကို စတင်စစ်ဆေးခဲ့ပါတယ်။
ရုံးချိန်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်ဝယ်ယူစဉ်ကကိစ္စတွေကို စပြီးစစ်ဆေးတာဖြစ်တယ်လို့ Eleven Media Group ဘက်က တရားစွဲခံရသူ ၅ ဦးထဲက ၁ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောပါတယ်။
"အစပဏာမလောက်ပဲ ရှိပါသေးတယ်၊ သူတို့ ဒီပစ္စည်းဝယ်တာနဲ့ပတ်သက်လို့ ဘယ်လိုဝယ်ခဲ့တယ်ဆိုတာ အဲ့ဒါကိုစစ်တယ်တယ်ဆိုတာ မရှိခဲ့ဘူး၊ တကယ့်အရေးကြီးတဲ့ကဏ္ဍကိုတော့ မရောက်သေးဘူးပေါ့၊ သူတို့ရဲ့ စွပ်စွဲချက်က စခါစလေးပဲရှိသေးတယ်၊ အဲ့ဒီတော့ ဆက်ထွက်လာတဲ့အပေါ် မူတည်ပြီးတော့ ကျနော်တို့က ဒါဘယ်လိုအချက်နဲ့ ငြိမယ် မငြိဘူးဆိုတာကို ကျနော်တို့က ပြန်ဖြေရှင်းမယ်"
တရားစွဲခံရသူ ၅ဦးထဲကတစ်ဦးဖြစ်သူ Eleven Media အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်ဝယ်ယူတာနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တာတွေအတွက် ယုံကြည်မှုရှိကြောင်း ပြောပါတယ်။
"ဒီနေ့မှာတော့ ကျနော်တို့ စွပ်စွဲခံရသူ ၅ ယောက်အတွက် ရှေ့နေ တစ်ယောက်ချင်းစီပါဝါတင်ပါတယ်၊ တရားလွှတ်တော် ဦးသိန်းညွန့်ဆိုလို့ရှိရင် လွှတ်တော်ရှိတဲ့အတွက် လာရောက်နိုင်ခြင်းမရှိဘူး၊ အဲ့လို လာရောက်နိုင်ခြင်းမရှိတဲ့အခါကျတော့ လူကိုယ်တိုင်လာရောက် ပါဝါတင်ဖို့အတွက် တရားသူကြီး ကပြောတယ်၊ ကျနော်တို့ နောက်ရုံးချိန်းတွေမှာ ဒါတွေဆက်လုပ်သွားမယ်၊ အဲ့ဒီတော့ အခြေအနေတွေ တစ်ယောက်ချင်းစီ ထုချေဖို့အတွက် တစ်ဦးချင်းစီမှာ ရှေ့နေတယ်ယောက်ချင်းစီ ၅ ယောက်အတွက် ပြန် ဆပ်မှာပါ၊ သူတို့ ပုံနှိပ်စက် ဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ထဲမှာ ဖော်ပြတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီးတော့ တရားစွဲတာပါ၊ ကျနော်တို့ရဲ့ ရေးသားမှှုတွေအပေါ် အမှန်တရား အပေါ်မှာ အခြေခံပြီးတော့ ရေးသားခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့က ကျနော်တို့ ရေးသားမှှုအတွက် ယုံကြည်မှှုရှိပါတယ်၊ တစ်ခုပါပဲ အဲ့လို တရားစွဲဆိုမှှုတွေဟာ မှန်ကန်မျှတတဲ့ တရားစီရင်မှှု ဖြစ်သင့်ဖြစ် ထိုက်တဲ့ပုံစံတွေ ဖြစ်ဖို့ပဲအရေးကြီးတယ်"
သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုလုပ်ပြီး ပုဒ်မ ၅ဝဝ အသရေဖျက်မှုနဲ့ Eleven Media Group က အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်၊ မန်နေးဂျင်းအယ်ဒီတာ ဒေါက်တာသိန်းမြင့်၊ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နဲ့ အမှုဆောင် အယ်ဒီတာ ကိုနေထွန်းနိုင်တို့ကို တရားစွဲဆိုထားတာဖြစ်ပါတယ်။
ပုဒ်မ ၅ဝဝ အသရေဖျက်မှုဟာ ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ်မှာ "အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ရန် ခွင့်ပြုနေသလား"ဆိုတဲ့ သတင်းဆောင်းပါးမှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်တင်ဒါအောင်ထား တာတွေဟာ သတ်မှတ်ဈေးနှုန်းတွေထက် ပိုနေတယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
အမှုကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဆက်လက်စစ်ဆေးမယ်လို့လည်း သိရပါတယ်။