ရုပ်သံလွှင့် ပြတ်တောက်မှု MRTV ညွှန်ချုပ် အရေးယူခံရ
2019.05.22

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်က ဆွေးနွေးနေခဲ့စဉ် မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြား MRTV က တိုက်ရိုက်လွှင့်ထုတ်မှု ယာယီပြတ်တောက်ခဲ့တာနဲ့ စပ်လျဉ်းပြီး MRTV ညွန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူအပြစ်ပေးတဲ့ အနေနဲ့ ဌာနရွှေ့ပြောင်းခဲ့တယ်လို့ သတင်းရပါတယ်။ အခုလို ဦးမြင့်ထွေးကို အရေးယူလိုက်တဲ့အတွက် ယာယီညွန်ချုပ်တာဝန်ကို မိမိထမ်းဆောင်နေရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဧရာဝတီသတင်းဌာနကို အတည်ပြုပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။
အဲဒီ ပြတ်တောက်မှုနဲ့ ပတ်သက်ပြီး MRTV ရဲ့ ကနဦးကြေညာချက်မှာ လွှတ်တော်ကနေ တပ်ကုန်းဌာနချုပ်ကို ရုပ်သံတွေ တင်ပို့တဲ့ ဖိုင်ဘာ အော့ပ်တစ် Fiber-optic စနစ်ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး MRTV ဟာ အဲဒီနေ့က Fiber-optic စနစ်ကို အသုံးပြုခဲ့ခြင်း မရှိဘူးလို့ မြန်မာ့တပ်မတော်က ပြောကြားခဲ့ပြီးနောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က အဲဒီလို MRTV က မှားယွင်းထုတ်ပြန်ခဲ့မှုအတွက် စစ်ဆေးအရေးယူခဲ့ကြောင်းနဲ့ လုပ်ငန်းစဉ်ပြီးဆုံးတဲ့ အချိန်မှာ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။