ပြန်ကြားရေးဝန်ကြီးနဲ့ မီဒီယာအဖွဲ့အစည်းတွေ တေ့ွဆုံ
2017.10.04

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ ဖြစ်စဉ်မှန်တွေကို ပိုမိုထိရောက်စွာ ဖော်ပြနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်မြို့ သိမ်ဖြူလမ်းက ပုံနှိပ်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်းမှာ တွေ့ဆုံတာဖြစ်ပြီး ပြည် တွင်းပြည်ပ သတင်းမီဒီယာတွေအပါအဝင် နိုင်ငံရေးအဖွဲ့အစည်းက ထင်ရှားတဲ့ခေါင်းဆောင်တွေလည်း ပါဝင်ဆွေးနွေးခဲ့ ကြတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာမင်း က ပြောပါတယ်။
"ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ သတင်းမီဒီယာတွေက ပြည်ပသတင်းမီဒီယာတွေက ထုတ်လွှင့်တဲ့အပိုင်းမှာ မူတည်ပြီး coverage မဖြစ်ဘူးပေါ့။ အဲဒါကို ဘယ် လိုပုံစံမျိုးနဲ့ နိုင်ငံတကာစာမျက်နှာကို တကယ့်လက်ရှိပကတိသတင်းမှန်တွေကို ဘယ်လို platform ကနေ ထိုးဖောက်သွားမလဲဆိုတာတွေကို ဆွေးနွေးကြတာပါ။ မီဒီယာတွေအပြင် နိုင်ငံရေးအရ ထင်ရှားတဲ့ ကိုမြအေး တို့ ကိုမင်းကိုနိုင်တို့လည်း ဝင်ရောက်ဆွေးနွေးတာကို တွေ့ရပါတယ်"
မောင်တောဒေသမြောက်ပိုင်းမှာ သတင်းထောက်တွေ သတင်းရယူရာမှာ အသက်အန္တရာယ်ကို စိုးရိမ်မိကြောင်း၊ လတ်တလော လုံခြုံရေးအခြေအနေအရ မြေပြင်အခြေအနေတွေကို လက်တွေ့ သတင်းယူခွင့်ရဖို့အတွက် အကန့်အသတ်နဲ့သာ ခေါ်သွားရတာဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဖေမြင့် က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ပြည်ပသတင်းမီဒီယာဌာနကြီးတွေမှာ လက်တွေ့မြေပြင် သတင်းအစစ်အမှန်တွေကို ဖော်ပြနိုင်ဖို့အတွက် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး၊ အချက်အလက်တွေ များများ ပို့ပေးနိုင်တာမျိုးတွေကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြတာလို့ ပြောပါတယ်။