ဝန်ကြီးများခရီးစရိတ် များလွန်းကြောင်း လွှတ်တော်အမတ်များ ထောက်ပြ


2013.11.01

လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမဝါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီအသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။

နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာပါတဲ့ သမဝါယမဝန်ကြီးဌာနရဲ့ တင်ပြတောင်းခံငွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

"ဝန်ကြီး ဒုဝန်ကြီး နှစ်ပါးခရီးစဉ်တစ်ခုကြောင့် ၃ သန်းကျော်လောက်သုံးမယ်လို့ ညွှန်းပါတယ်၊ နောက်ဂျပန်နိုင်ငံကို သွားပြီးကာမှ သမဝါယမဖွံ့ဖြိုးနေတဲ့လုပ်ငန်းတွေကို လေ့လာဖို့အတွက် ၃ သန်းလောက် ထပ်လိုတယ်လို့ ကြည့်တဲ့အခါမှာ ဝန်ကြီး ဒုဝန်ကြီးနှစ်ပါးသုံးတဲ့ငွေဟာ ၇၄ သိန်းလောက်ဖြစ်သွားပြီ၊ ထပ်ပြီးတော့ ၉ သန်းလောက် တောင်းထားပါတယ်၊ ဆိုတော့ သမဝါယမဝန်ကြီးဌာန ရုံးအဖွဲ့အပါအဝင်က သုံးတဲ့ပမာဏ ၁ဝ၇ သန်းလောက်ရှိပါတယ်၊ အဲဒီထဲမှာ ခရီးသွားလာစရိတ်အပြင် ခုနက စက်ဆီ၊ ဓာတ်ဆီနဲ့ ပတ်သက်ပြီး ကဏ္ဍကိုကြည့်တဲ့အခါမှာ ပြန်တောင်းတာဆိုရင် ၇၄.၁၆ သန်းပါ၊ လစာရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ စက်ဆီ၊ ဓာတ်ဆီနဲ့ ချောဆီမှာ တောင်းထားတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်"

သမဝါယမဝန်ကြီးဌာနက တင်ပြတောင်းခံထားတဲ့ ဖြည့်စွက်ဘဏ္ဍာငွေကျပ် ၉ သန်းကို တဝက်လျှော့ချပြီးမှ ခွင့်ပြုပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက တောင်းဆိုဆွေးနွေးခဲ့ပါတယ်။

လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအဖွဲ့အစည်း ၆ခု၊ ဝန်ကြီးဌာန ၃၀ခု ၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း ၁၂ခု၊ စည်ပင်သာယာရေးကော်မတီ ၂၃ခု စုစုပေါင်း အဖွဲ့အစည်း ၅၁ ခု တင်ပြတောင်းခံငွေဟာ ကျပ်သန်းပေါင်း ၁၅၀၀ နီးပါးရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။