စီမံဘဏ္ဍာဝန်ကြီးအသစ် ကျမ်းသစ္စာကျိန်ဆို


2018.06.05
soewin-minister-622.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအသစ် ဦးစိုးဝင်း ၂၀၁၈ ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုနေစဉ်
Photo: Myanmar Union Parliament Facebook

စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် စိန်ခေါ်မှုတွေ အများကြီးရှိပြီး အဲဒီစိန်ခေါ်မှုတွေကို လျှော့တွက်လို့ မရကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဦးစိုးဝင်း က ပြောတာဖြစ်ပါတယ်။

"စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်။ ဒီစိန်ခေါ်မှုတွေကိုတော့ လျှော့တွက်လို့ မရဘူး။ ကျနော်တို့ လေးလေးနက်နက်နဲ့ တိုင်တိုင်ပင်ပင်နဲ့ ကျနော့် အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့မှ တဖြည်းဖြည်းနဲ့ ကျနော် လုပ်သွားမှာပါ။ တဖြည်းဖြည်းဆိုတာ အချိန်တော့ သိပ်မရှိဘူး။ လုပ်စရာရှိတာ လုပ်သွားမှာပါ။ ရတဲ့အပိုင်းက ပြင်ရမှာပဲနော်။ အစုံပဲ။ ဘယ်အပိုင်းရယ်လို့ သတ်မှတ်ချက်မရှိဘူး"

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုကို ရတိုင်းလွယ်လွယ်ကူကူ မလုပ်စေချင်ဘဲ ထိထိရောက်ရောက် အကျိုးရှိတဲ့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံစေချင်တယ်လို့ ဦးစိုးဝင်း က ပြောပါတယ်။

နုတ်ထွက်သွားတဲ့ ဝန်ကြီးဦးကျော်ဝင်းနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးကော်မတီဝင် ဦးစိုးဝင်း ကို အစားထိုးခန့်အပ်တာ ဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ မြန်မာနိုင်ငံတကာကုန်သွယ်မှုဘဏ် MFTB မှာ နှစ်ပေါင်းသုံးဆယ်ကျော် လုပ်ကိုင်ခဲ့သလို အကြံပေးအဖြစ်လည်း ၁၆ နှစ်ကြာလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၈၀ နှစ်အရွယ်ရှိသူမို့ ဝေဖန်မှုတွေရှိပေမယ့် ကျန်းမာရေးအရကောင်းမွန်သလို ပညာ၊ အတွေ့အကြုံများ သူဖြစ်လို့ စိတ်ပူစရာမလိုဘူးလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။

သူ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်သင့်တာမှန်ပေမယ့် အထူးဂရုစိုက်ပြီး နေထိုင်တယ်လို့ ဦးစိုးဝင်း က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။