စီမံဘဏ္ဍာဝန်ကြီးနေရာ ဦးစိုးဝင်း ကို ခန့်အပ်မှု လွှတ်တော်အတည်ပြု


2018.05.31
soewin-minister-622.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် ခန့်အပ်ခံရတဲ့ ဦးစိုးဝင်း ကို တွေ့ရစဉ်
Photo: Mar Mar Swe's Facebook

လစ်လပ်နေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဦးစိုးဝင်းကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ဦးစိုးဝင်းကို ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတင်သွင်းခဲ့ပြီး ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ  ကန့်ကွက်သူမရှိတဲ့အတွက် အတည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

‘’စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းအား ခန့်အပ်တာဝန်ပေး လိုကြောင်း နိုင်ငံတော်သမ္မတရဲ့တင်ပြချက်ကို ၂၈. ၅. ၂၀၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာကြေညာခဲ့ပြီးဖြစ်ပါတယ်၊ ယင်းပုဂ္ဂိုလ်နဲ့ စပ်လျဉ်းပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းပေးပို့ရမယ့် နောက်ဆုံးသတ်မှတ်ချိန်ထိ ကန့်ကွက်ချက်တစ်စုံတရာမရှိတဲ့အတွက် ဦးစိုးဝင်း အား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကသဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၂၈ နဲ့အညီ ကြေညာပါတယ်။’’

အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူး က နှုတ်ထွက်သွားခဲ့တဲ့ ဦးကျော်ဝင်းရဲ့ နေရာမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းဟာ အသက် ၈၀ ရှိပြီဖြစ်ပြီး လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ အသက်အရွယ်အကြီးဆုံးလည်းဖြစ်ပါတယ်။

ဦးစိုးဝင်းကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လွန်ခဲ့တဲ့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာ (BA, BL.,DMA) ဘွဲ့ရရှိခဲ့သူ ဖြစ်ပြီး Deloitte Touche Myanmar Vigour Advisory Limited မှာ Country Managing Partner အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။