လှေစီး ဒုက္ခသည်ထဲမှာ မြန်မာက လာသူပါရင် ပြန်ခေါ်မယ်လို့ ဝန်ကြီးပြော
2015.05.19

လှေစီး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ထွက်လာ သူတွေ အမှန်တကယ် ပါဝင်တယ်ဆိုရင် ပြန်ခေါ်ဖို့ အသင့်ရှိကြောင်း မြန်မာအစိုးရက ပြောပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ နှစ်လတစ်ကြိမ် ပုံမှန်စည်းဝေးပွဲကို မနေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့ရာမှာ သံအမတ်တွေက လတ်တလော ပေါ်ပေါက်နေ တဲ့ လှေစီးဒုက္ခသည်တွေ အရေးမေးမြန်းခဲ့ကြရာ မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောကြားခဲ့ တာပါ။
ဒီလှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မိမိတို့အနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပင်မှုကို နားလည်ပါတယ်။ ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက လာတဲ့ လူတွေပါဝင်တယ်လို့ ပြောနေကြသလို ခိုင်လုံတဲ့ အထောက်အထားရှိတယ်ဆိုရင် အစိုးရအနေနဲ့ တိုင်းပြည်ကို ပြန်ခေါ်ဖို့အသင့်ရှိပါတယ်၊ အရင်ဆုံးကတော့ ဒီလူတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားစီစစ်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်လို့ ဦးရဲထွဋ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံအပေါ် အပြစ်ပုံချနေကြမယ့်အစား ဒေသတွင်းနိုင်ငံတွေ ဝိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။