ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတွေ နှုတ်ထွက်
2014.07.29

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက် တာ ဖေသက်ခင် တို့ကို နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇူလိုင် ၂၉ ရက် မနေ့က ကြေညာလိုက်ပါတယ်။
နိုင်ငံတော် သမ္မတရုံးရဲ့ကြေညာချက်မှာ ဒီဝန်ကြီး ၂ ဦးကို သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူး က နှုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ပဲဖေါ်ပြထားပြီး တခြားရှင်းလင်းချက် သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်တွေ ကို အဲဒီလစ်လပ်သွားတဲ့ ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတာဝန်တွေ ပေးအပ်တယ်ဆိုတာတော့ ပါဝင်ခြင်း မရှိပါဘူး။
မီဒီယာစာနယ်ဇင်းတွေအပေါ် ဖိနှိပ်မှုတွေများပြား လာနေတဲ့အတွက် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်း လဲမှုတွေ နောက်ပြန်ဆုတ်သွားမှာကို ပြည်တွင်းပြည်ပ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေစဉ်အတွင်း အခုလို ဝန်ကြီး ၂ ဦး ရာထူးကနှုတ်ထွက်တဲ့ သတင်းပေါ်ထွက်လာ တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝါဒကို လေ့လာဖို့ ဝါရှင်တန် ဒီစီ ကို အခုလတ်တလော လာရောက်ခဲ့တဲ့ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကတော့ အဲဒီလိုစိုးရိမ်စရာမရှိကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။
မနေ့ကရက်စွဲနဲ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ တခြားကြေညာချက်တခုမှာတော့ ကာကွယ်ရေးဦးစီးချုပ်ရုံး က ဗိုလ်ချုပ် တင်အောင်ချစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် လို့ ဖေါ်ပြထားပါတယ်။