ဖားကန့် မြေသယ်ယာဉ် ကိစ္စ ဖြေရှင်းမယ်လို့ သတ္တုတွင်းဒုဝန်ကြီး ပြော


2015.12.28
pharkant-machin-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှု၊ မြေသယ်ယာဉ်ကြီးတွေ ရောက်ရှိနေမှု တို့ကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိအောင် ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို ပိတ်သိမ်းဖို့ အပါအဝင် နည်းလမ်း ၃ခုနဲ့ ဖြေရှင်းသွားမယ်လို့ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။

ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေရှိနေတာ၊ စွမ်းအားကြီးမားတဲ့ မြေသယ်ယာဉ် ကြီးတွေ ရောက်ရှိနေတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းပေးဖို့ လွှတ်တော် နာယက သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ထားတာကို သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ရှင်းလင်းတင်ပြရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

"နည်းလမ်း (၁) အနေနဲ့ လုံးခင်းနဲ့ ဖားကန့်နယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လုံးဝပိတ် သိမ်းခြင်း၊ နည်းလမ်း (၂) အနေနဲ့က ပြစ်မှုဆိုင်ရာ ကျင့်သုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ပြီးတော့ မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  ထိန်းသိမ်းခြင်းဖြစ်ပါတယ်၊ နည်းလမ်း (၁) လုပ်ငန်းပိတ်သိမ်းတာကို ပြီးခဲ့တဲ့ ၂ဝ၁၂ မေလ ၃၁ ရက်နေ့က လုပ်ခဲ့ဖူးပါတယ်၊ ပိတ်သိမ်းရုံပဲ ပိတ်သိမ်းတဲ့အတွက်ကြောင့် အဲ့အထဲမှာ သူတို့ဝင်ပြီးတော့ ဖျက်ဆီးပြီး ယူကုန်ကျတဲ့အတွက်ကြောင့် တရားဥပဒေမဲ့တဲ့နေရာ ဖြစ်ခဲ့ပါတယ်၊ ဒါကြောင့်မို့ တရားဥပဒေမဲ့ မဖြစ်ရလေအောင် ပုဒ်မ ၁၄၄ နဲ့ ပိတ်သိမ်းတာနဲ့ အတူတူတွဲပြီးတော့မှ နည်းလမ်း (၁) နဲ့ (၂) တွဲသုံးမှသာ ကျနော်တို့ အဲ့နေရာကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်၊ နည်းလမ်း (၃) ကတော့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားမှာဖြစ်တဲ့ အကြောင်း လေးစားစွာရှင်းလင်းအပ်ပါတယ်"

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုအစိုးရအဖွဲ့က ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေကို ပိတ်သိမ်းပြီး စစ်အုပ်ချုပ်ရေးအမိန့်နဲ့ အုပ်ချုပ်သွားမယ်ဆိုတဲ့ ဖြေရှင်းနည်း အပေါ် ပြန်လည်သုံးသပ်ဖို့လိုကြောင်း ပြောသွားပါတယ်။

"အဲ့ဆွေးနွေးချက်မှာပါတဲ့ နည်းလမ်း (၃) သွယ်နဲ့ ဖြေရှင်းဆောင်ရွက်မယ် ဆိုတာကလည်း ဒီနေ့ ဘက်စုံထောင့်စုံ က မပါတဲ့အတွက် ဒီဖြေရှင်းချက်ဟာ တကယ်အကျိုးရှိ မရှိ၊ ကျနော်တို့လိုချင်တဲ့ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးအတွက်ကိုသော်၎င်း၊ ငြိမ်းချမ်းရေးအတွက်ကိုသော်၎င်း ပြီးတဲ့အခါမှာ ကျနော်တို့နိုင်ငံမှာ အင်မတန်မှ အခက်အခဲဖြစ်နေတဲ့ အလုပ်အကိုင်မရှိတဲ့ ဆင်းရဲနေတဲ့ နိုင်ငံသားတွေအတွက်ရော အကျိုးရှိ မရှိပါ ပြန်လည် သုံးသပ်ဖို့ ဒါကြောင့်မို့လို့ ဒီလိုနည်းလမ်း (၃) သွယ်နဲ့ ဆောင်ရွက်မှုကိုလည်း အဲဒီ့လွှတ်တော်မှတဆင့် အစိုးရ အဖွဲ့ကို ကျနော့်အနေနဲ့ တင်ပြချင်တာက ပြန်လည်သုံးသပ်ပြီးတော့ အားလုံးအတွက်အကျိုးရှိမယ့် ကိစ္စတစ် ခုဖြစ်အောင် ပြန်လည်သုံးသပ်ဆောင်ရွက်ပေးပါလို့ လွှတ်တော်တင်မှာ မှတ်တမ်းတင်ထားရှိမှာဖြစ်ကြောင်း တင်ပြပါတယ်"

ဒုတိယဝန်ကြီးရဲ့ ရှင်းပြမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ပြန်လည်ဆွေးနွေးခဲ့ရာ ဒေသခံတွေ ၊ ရေမဆေးကျောက် ရှာဖွေသူတွေ၊ တိုင်းရင်းသားတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အဖြေကိုရှာ သင့်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။

လုံးခင်းနဲ့ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပုဂ္ဂလိက လုပ်ကွက်အတွက် ကုမ္ပဏီပေါင်း ၆၀၀ကျော်အတွက် လုပ်ကွက်ပေါင်း ၈ထောင်နီးပါး၊ အကျိုးတူလုပ်ကွက် ၃၀၀ ကျော်အတွက် ကုမ္ပဏီ၂၃၀ ၊ စုစုပေါင်းဧက နှစ်သောင်းနှစ်ထောင့်ငါးရာကျော် လုပ်ပိုင်ခွင့်ချပေးထားကြောင်းနဲ့ ယန္တရားအရေအတွက်မှာ ဘက်ဟိုးအစီးရေ နှစ်ထောင်နီးပါး ၊ မြေသယ်ယာဉ် ၃ထောင်ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။