တရုတ်ယန်စီ ကုမ္ပဏီရဲ့ ဖုန်မှုန့်ဒဏ်ကြောင့် စိုက်ခင်းတွေ ပျက်စီး

2013.07.24

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်မှာ တရုတ်ပိုင် မြန်မာယန်စီကုမ္ပဏီက မိုင်းခွဲပြီးသတ္တုရှာဖွေရာကနေ လွင့်ထွက်လာတဲ့ ဖုန်မှုန့်တွေကြောင့် ကြေးစင်တောင်အနီး ရွာငါးရွာက စိုက်ခင်းတွေနဲ့ စားကျက်မြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီလိုဖုန်မှုန့်တွေ လွင့်လာတာဟာ နှစ်လကျော်ကြာပြီဖြစ်တဲ့အကြောင်း ကြေးစင်တောင်ရဲ့ မြောက်ဘက် ရွာသာယာရွာသား ကိုဖိုးဇော်က RFA ကို အခုလို ပြောပါတယ်။

"သတ္တုသိုက်ကို ခွဲတာဆိုတော့ သတ္တုတွေရော ဖုန်တွေရောပေါ့ လုံးပြီးတော့လွင့်လာတာ၊ အဲဒါတွေက ကွမ်းရွက်တွေပေါ်ကျပြီးတော့ ပျက်စီးနေတဲ့သဘောပေါ့နော်၊ ကျနော်တို့ရွာ ကွမ်းခြံတွေ ထိခိုက်တယ်ပေ့ါနော်၊ လောလောဆယ်အကျများလို့ သတ္တုနဲ့ ဖုန်တွေရောပြီး ရေနဲ့ဓာတ်ပြုသလိုဖြစ်ပြီးတော့ အရွက်တွေပျက်စီးတယ်လို့ ယူဆပါတယ်”

ကြေးစင်တောင်မှာ မိုင်းခွဲလို့လွင့်ထွက်လာတဲ့ ဖုန်မှုန့်တွေကြောင့် ကြေးစင်တောင်မြောက်ဘက်က ရွာသာယာရွာအပြင် ထန်းတောကြီး၊ ဂုဏ်တော၊ ဒုန်တောနဲ့ ရွှေပန်းခိုင်ရွာတွေက ကွမ်းခြံတွေ၊ စားကျက်မြေတွေလည်း ပျက်စီးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖုန်မှုန့်တွေပေလို့ ရေဆေးမိတဲ့သူတွေမှာလည်း မီးလောင်ဖုလို အနာတွေ ပေါက်လာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က မြန်မာယန်စီကုမ္ပဏီရဲ့ ကြေးစင်တောင် သတ္တုတွင်းတာဝန်ခံကို ဆက်သွယ်မေးမြန်းရာမှာ အပြင်သွားနေကြောင်းဖြေကြားတဲ့အတွက် ရန်ကုန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တုန့်ယန်ဖိန်ရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ရာမှာလည်း ဖုန်းပိတ်ထားကြောင်းသာ ဖြေကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။