မင်းတပ်မြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

RFA Burmese
2024.05.09
မင်းတပ်မြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မင်းတပ်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသမီးနှစ်ဦးကို မေလ ၈ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အမျိုးသမီးနှစ်ဦးဟာ မှတ်ပုံတင်လုပ်ဖို့အတွက် သွားရာမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြောင်းရင်းကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"အဲဒီ စကစ စစ်ဆေးရေးဂိတ်မှာ အမြဲတမ်းစစ်ဆေးရေးတွေ လုပ်နေကျ။ အခုက သူတို့ ဘာကြောင့်ဖမ်းတာလဲ မသိရသေးဘူး။ စုံစမ်းလို့လည်း မရသေးဘူး။ ခလရ (၂၇၄) ကို ခေါ်သွားကြတာ"

ဖမ်းဆီးခံထားရတဲ့ အ‌မျိုးသမီးတွေရဲ့ အမည်နဲ့ အသက်ကိုတော့ မသိရသေးပါဘူး။ သူတို့ကို မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှာ ဖမ်းဆီးထားပြီး ဒီ‌နေ့မနက်အထိ ပြန်မလွှတ်သေးဘူးလို့ ‌ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်တပ် အာဏာသိမ်းတဲ့ သုံးနှစ်ကျော်အတွင်း မင်းတပ်မြို့မှာ ဒေသခံ တစ်ရာကျော် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ မင်းတပ် CDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။