မင်းပြား၊ သစ်ပုတ်တောင်ရွာအနီး တိုက်ပွဲကြောင့် ဒေသခံ ခြောက်ထောင်နီးပါး ထွက်ပြေးနေရ


2020.06.10

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျောက်ခုတ်နဲ့ သစ်ပုတ်တောင် ကျေးရွာကြားမှာ ဇွန်လ၁၀ရက် မနေ့မနက် အစောပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီးနောက် ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရတာကြောင့် ဒေသခံ ၆ ထောင်နီးပါးဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျောက်ခုတ် ကျေးရွာကနေ တပ်မတော် စစ်ကြောင်းထွက်သွားပြီး မိုင်ဝက်လောက် အရောက်မှာ ပေါက်ကွဲသံကြားရပြီး ပစ်ခတ်သံတွေ ကြားရတာကြောင့် ရွာသားတွေဟာ တပ်မတော်က ဖမ်းဆီးမှာကို စိုးရိမ်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ခုတ်ရွာသားတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် တပ်မတော်စစ်ကြောင်းက သစ်ပုတ်တောင်ကျေးရွာထဲကို ဝင်လာတာကြောင့် တစ်ရွာလုံး ကြောက်လန့် ထွက်ပြေးနေကြတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

သစ်ပုတ်တောင်မှာ ရွာသား ၆ ဦးကို တပ်မတော်က ဘုန်ကြီးကျောင်းမှာ ဖမ်းဆီးထားပြီး  ထွက်ပြေးသွားတဲ့ ရွာသားတွေကို ပြန်ခေါ်ပေးဖို့၊ ပြန်မခေါ်ပေးရင် ရွာကိုမီးရှို့မယ်ဆိုတာမျိုး ရပ်မိရပ်ဖတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့တုန်းက လှေတွေနဲ့ထွက်ပြေးရာမှာ တပ်မတော်က သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေ ရှိတာကြောင့် ရွာကိုမပြန်ရဲဘူးလို့ အမည်မဖော်လို့တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

ကျောက်ခုတ်ကျေးရွာမှာ ဇွန်လ၉ရက်နေ့တုန်းက တပ်မတော် စစ်ကြောင်းဝင်လာပြီး အရပ်သား ၇ ဦးကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့တယ်။ မနေ့က ဇွန်လ ၁၀ရက် မနက်ပိုင်းကမှ သူတို့ကို ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ခုတ်ကျေးရွာဟာ အိမ်ခြေ ၆၀၀ နီးပါးရှိပြီး လူဦးရေ သုံးထောင်ကျော်ရှိသလို သစ်ပုတ်တောင် ကျေးရွာမှာလည်း အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ သုံးထောင် ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကို RFA ကဆက်သွယ်မေးမြန်းခဲ့တဲ့အခါ ဇွန်လ ၉ရက်နေ့က ကျောက်ခုတ်ရွာမှာ ဒေသခံ ၇ ဦး ဖမ်းဆီးခံရတယ်ဆိုကြားရကြောင်း  မနေ့က မနက်မှာလည်း ပေါက်ကွဲမှု တစ်ခုဖြစ်တယ်ဆိုတာ သတင်းကြားရကြောင်း ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သစ်ပုတ်တောင်ကျေးရွာနဲ့ ပတ်သက်တဲ့ သတင်းကို အသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။ တပ်မတော်ကို မိုင်းခွဲတိုက်ခိုက်ပြီး ရွာထဲဝင်ပြေးသွားတာတွေရှိရင်တော့ တပ်မတော်က စစ်ဆေးတာတွေ ရှိနိုင်ကြောင်း ဒါပေမယ့် တပ်မတော်က ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်ဆိုတာက ရွာသားအမည်ခံပြီး AA အမာခံတွေက စွပ်စွဲပြောဆိုတာတွေဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။