မင်းပြားမြို့မှာ မူးယစ်ဆေးဝါးကိစ္စ သတိပေးစာကပ်

ဝေယံမိုးမြင့်
2019.12.21
minbya-notice-622 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြို့ပေါ်ရပ်ကွက်က ဓာတ်တိုင်တစ်ခုမှာ ကပ်ထားတဲ့ သတိပေးစာကို တွေ့ရစဥ်
Photo: Lay Mro - CJ

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးချက်ပါတဲ့ စာတွေကို မင်းပြားမြို့ပေါ်က ဓာတ်တိုင်တွေမှာ ကပ်ထားတာပါ။

အဲဒီသတိပေးစာကို မနေ့ညပိုင်းက ကပ်သွားတာဖြစ်နိုင်ကြောင်းနဲ့ ဒေသခံတွေက ဒီနေ့ (စနေနေ့) မနက်မှ တွေ့ရှိတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေ များပြားနေတဲ့အတွက် အခုလို စာကပ် သတိပေးတာလို့ ယူဆရပြီး ဘယ်သူဘယ်ဝါ ကပ်တယ်ဆိုတာ မသိရဘူးလို့ မင်းပြားမြို့နယ် ပြည်တော်လှရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။

"ဒီဘက်မှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတာများလာတယ် ဆိုတော့ မူးယစ်ဆေးဝါးသုံးပြီး လူငယ်တွေ ပျက်ဆီးနေတာကို သုံးစွဲသူနဲ့ ရောင်းချသူတွေကို ထိရောက်အောင် အရေးယူဆောင်ရွက်သွားမယ်ဆိုတာတော့ သိရတယ်။ ဘယ်က ဘယ်သူ ကပ်တယ်ဆိုတာတော့ မသိသေးဘူး။ သုံးစွဲတာတို့ ရောင်းချတာတွေကို ထိန်းသိမ်းပြီးဆောင်ရွက်တာတော့ ကောင်းတာပေါ့နော့။"

အဲ့ဒီလိုသတိပေးစာတွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ လပိုင်းက ကပ်ထားတာတွေရှိခဲ့ပါတယ်။

ဒါကြောင့် မင်းပြားမြို့နယ်ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတိပေးစာကပ်ခံရတဲ့ တတိယမြောက် မြို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက မြောက်ဦးမြို့မှာ သတိပေးစာကပ်ထားပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့က မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ် ၂၀ ကျော်ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေ မူးယစ်ဆေးဝါးပြတ်သွားဖို့ မိဘတွေနဲ့ ဒေသခံတွေက မျှော်လင့်နေကြပြီး အခုလို ဖမ်းဆီးခံရတာကို ဝမ်းသာနေကြတယ်လို့ အမည်မဖော်လိုတဲ့ မြောက်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။

လူတွေကတော့ ဘာမှမပြောပါဘူး  နောက်လည်းထပ်ပြီးဖမ်းပါလို့ ပြောနေသံကြားတာပဲ

“အကုန်လုံးဝမ်းသာကြတယ်၊ မိဘတွေတင်မကဘူး မြို့ပေါ်ကလူတွေ ကျနော်တို့ အပါအဝင်ပေါ့ အကုန်လုံး ဝမ်းသာကြတယ်။ လုံးဝဆေးပြတ်ပြီးမှ ပြန်ရောက်လာမယ် လို့တော့ ထင်ကြတာပဲ။ ကျနော်ကြားတာတော့ အုပ်ချုပ်ရေးပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကအစ ဝမ်းသာတယ်၊ မြို့အုပ်ချုပ်ရေးမှူးတွေကတော့  ကောင်းတဲ့ဟာကို လုပ်တဲ့အတွက် ကြိုဆိုတယ်လို့ ပြောသံကြားတယ်။ လူတွေကတော့ ဘာမှမပြောပါဘူး  နောက်လည်းထပ်ပြီးဖမ်းပါလို့ ပြောနေသံကြားတာပဲ။”

AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေဟာ မြောက်ဦးမြို့  အောင်မင်္ဂလာ၊ ဗန္ဓုလ၊ တောင်ရပ်၊  ဆင်ချဆပ်နဲ့ ဘာဘူးတောင် စတဲ့ရပ်ကွက်တွေက ဖြစ်တယ်လို့ သိရပါတယ်။

ဘယ်နှစ်ဦးဖမ်းဆီးထားတယ်ဆိုတဲ့ အရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးကြောင်းနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ အောက်ခြေကို ညွှန်ကြားထားကြောင်း AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ“မူးယစ်ဆေးဝါးကြောင့် အကျင့်စာရိတ္တ ပျက်စီးနေတဲ့ လူငယ်တွေ ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အကျင့်စာရိတ္တ ပြုပြင်ပေးဖို့ ပြန်လည်လုပ်ဆောင်သွားဖို့ ညွှန်ကြားချက် ပေးထားတာရှိတယ် အခုဘယ်နှစ်ယောက် အကျင့်စာရိတ္တ ပြင်ပေးနေရတယ်ဆိုတာကိုတော့ ပြန်မေးမှပဲသိရမယ်။”

မူးယစ်ဆေးနဲ့ပတ်သက်ပြီး သတိပေးစာတွေ တွေ့ရပြီးနောက်ပိုင်း မြို့ထဲမှာ မူးယစ်ဆေးသုံးစွဲသူ ရောင်းဝယ်သူ သိသိသာသာ လျှော့နည်းလာတာကိုတွေ့ရတယ်လို့ ကျောက်တော်နဲ့ မြောက်ဦးမြို့ ဒေသခံတွေက ပြောပါတယ်။

မကြာခင်မှာ မူးယစ်ဆေးကင်းစင်သွားဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပြီး မူးယစ်ဆေးသတိပေးစာ ကပ်တာဟာ ရက္ခိုင့်တပ်တော် AA က ကပ်တာလို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။

မူးယစ်ဆေးနဲ့ ပတ်သက်ပြီး သတိပေးစာကပ်တာကို AA အဖွဲ့က ဆောင်ရွက်တာဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။