အပစ်အခတ်ရပ်စဲရေး ဦးစားပေးဆောင်ရွက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
2014.03.27

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရင်ဆုံး အပစ်အခတ် ရပ်စဲရေးကိုသာ အကောင်အထည်ဖေါ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြော လိုက်ပါတယ်။
၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကို နေပြည်တော် ကောင်စီနယ်မြေ ဇေယျသီရီမြို့နယ်က တပ်မတော်စစ်ရေးပြကွင်းမှာ ဒီနေ့မနက်ပိုင်းကကျင်းပရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြား ခဲ့တာပါ။
"နိုင်ငံတကာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် ငြိမ်းချမ်းရေးကို လိုလားသူတွေတိုင်း အဆင့်ဆင့်လိုက်နာဆောင်ရွက်သွားဖို့ လိုအပ်သလို အရေးကြီးဆုံးအချက်ကတော့ ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲရေးပဲဖြစ်တယ်၊ ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲရေးတွေ ဦးစွာမဆောင်ရွက်ပဲ နိုင်ငံရေးဆွေနွေးပွဲတေ ွဆောင်ရွက်လေလေ သဘောထားချင်းမတိုက်ဆိုင်တာနဲ့ အချိန်ကြန့်ကြာနိုင်သလို အချင်းချင်းကြား ညှိနှှိုင်းသဘောတူညီချက်တွေပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည်ဦးတည်နိုင်တယ်ဆိုတာ သတိထားရမှာဖြစ်တယ်"
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့က နိုင်ငံရေးဆွေးနွေးပွဲတွေ အထိ ရောက်ရှိမှသာ ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန်ရရှိမယ်လို့ ပြောထားကြပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်အတွက်၊ နိုင်ငံရေးပါတီတစ်ခုအတွက်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ရေးဆွဲထားတဲ့ ဥပဒေမဟုတ်ကြောင်း ၊ ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ဆန္ဒကို လေးစားရမှာဖြစ်ကြောင်းနဲ့ ပြင်ဆင်ဖို့လိုအပ်လာရင် ဖဲ့ွစည်းပုံပြင်ဆင်တဲ့ အခန်း ၁၂ ပါ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဌာန်းထားတဲ့မူ မဟုတ်ဘူး၊ ဒါ့ကြောင့်ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှှုန်းရဲ့ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ခက်မသုံးဖြာတို့ကို နည်းလမ်းတကျ တိုင်းထွာသုံးစွဲခြင်းနဲ့ ပြန်လှန်ထိန်းကျောင်းခြင်းကို အဟန့်အတားဖြစ်စေမဲ့ကိစ္စတွေ အခြေအနေအချိန်အခါအရ အခြေခံလိုအပ်ချက်များနဲ့ သဟဇာတ မဖြစ်ပါစေ၊ ဖြစ်ပါစေ ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်"
ဖွဲ့စည်းပုံပါ အခန်း ၁၂ မှာ အဲဒီဖွဲ့စည်းပုံကို ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှှုန်းကျော်ရဲ့ ထောက်ခံမှုအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ပြင်ဆင်နိုင်တယ်လို့ ပါရှိပါတယ်။
ဒီနေ့အခမ်းအနားကို ကြည်း၊ ရေ၊ လေတပ်တွေရဲ့ စစ်ရေးပြအခမ်းအနားနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလေးပြုခဲ့ကြသလို ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
၆၉ နှစ်မြောက် တပ်မတော်နေ့နဲ့ ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူတွေရဲ့ ရှုမြင်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။