SSPP နဲ့ စစ်ရေးတင်းမာနေတဲ့ စနင်းတောင်ဒေသက စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် စနင်းတောင်ကြောတစ်ဝိုက်က စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီလို့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက RFA ကို ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ မှာပြောကြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ မိန့်ခွန်းအပြီးမှာ အခုလို ပြန်လည်ဆုတ်ခွာသွားတာလို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။
"သူတို့တပ်တွေ ပြန်ဆုတ်ခွာသွားတယ်ပေါ့နော်။ ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ ဆိုင်မယ် ထင်တယ်။ ကျနော်တို့ကတော့ တက်၊ မတက်ဆိုတာ FPNCC သဘောအတိုင်းပဲ သွားရမယ်။ စစ်ရေးတော့ နည်းနည်းလျော့တာပေါ့"
စနင်းတောင်ကြောဒေသမှာ အခုနှစ်ဆန်းပိုင်းကစလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာ နေခဲ့တာပါ။
မတ်လ နောက်ဆုံးအပတ်မှာတော့ စစ်ကောင်စီဘက်က စနင်းတောင်ကြောမှာရှိတဲ့ SSPP တပ်တွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ RCSS တပ်ဖွဲ့တွေ စနင်းတောင်ကြောကို စစ်အင်အား တိုးချဲ့လာတာကြောင့် တိုက်ပွဲပြင်းထန်နိုင် တဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ SSPP တပ်တွေကို ပြန်လည်ဆုတ်ခိုင်းတာဟာ SSPP နဲ့ RCSS ကြားက ပြဿနာကိုပြေလည်စေဖို့နဲ့ နယ်မြေကျော်လွန်မှုတွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
စနင်းတောင်ကြောဟာ RCSS တပ်ဖွဲ့ဝင်တွေ ရှမ်းမြောက်ဒေသကို ခြေကုပ်ယူဖို့ ကြိုးစားရာမှာ စစ်ရေးအရ အရေးပါတာကြောင့် သူတို့တပ်ဖွဲ့အနေနဲ့ အဲဒီဒေသကို ထိန်းချုပ်ထားဖို့ ကြိုးစားနေတာဖြစ်တယ်လို့ SSPP ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ စနင်းတောင်ကနေ ဆုတ်ခွာသွားပြီဆိုပေမယ့် RCSS တပ်ဖွဲ့ဝင်တွေ နဲ့တော့ စစ်ရေးတင်းမာတဲ့အခြေအနေ ရှိနေဆဲဖြစ်တယ်လို့ SSPP ဘက်က ပြောပါတယ်။
RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံကတော့ စနင်းတောင်ကြောတစ်ဝိုက်မှာ သူတို့ တပ်ဖွဲ့တွေ ခပ်ခွာခွာကပဲ လှုပ်ရှားနေတယ်လို့ RFA ကို ပြောပါတယ်။