NLD ပါတီကို စစ်ဆေးဖို့ အချိန်တစ်ခုအထိ စောင့်မယ်လို့ ဆုံးဖြတ်

2022.04.27
NLD ပါတီကို စစ်ဆေးဖို့ အချိန်တစ်ခုအထိ စောင့်မယ်လို့ ဆုံးဖြတ် မန္တလေးတိုင်း အမရပူရမြို့နယ်မှာ NLD မဲဆွယ်ဆိုင်းဘုတ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ထံမှာ အစစ်ဆေးခံဖို့ အခက်အခဲတွေ ရှိနေတယ်လို့သိရတဲ့အတွက် အချိန်ကာလ တစ်ခုအထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ UEC က ဧပြီလ ၂၇ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

NLD ပါတီအနေနဲ့ ဗဟိုအလုပ်မှုဆောင်တချို့ ဖမ်းဆီးခံနေရတာ၊ တချို့တိမ်းရှောင်နေရတာနဲ့ တချို့ မှာ ဆက်သွယ်လို့မရတဲ့အတွက် စာရင်းဇယားတွေပြသဖို့ အခက်အခဲရှိကြောင်း သိရတဲ့အတွက် အချိန် ကာလတစ်ခုအထိ စောင့်ဖို့ ဆုံးဖြတ်လိုက်တာလို့ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်

NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ စစ်ကောင်စီရဲ့ UEC ကို အသိအမှတ်မပြုလို့ သီးခြား မှတ်ချက်မပြုလိုဘူးလို့ RFA ကို ပြောပါတယ်။

စကစ က ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့တွေက အသိအမှတ်ကိုမပြုတာ။ အခု မြန် မာနိုင်ငံမှာရှိနေတဲ့ ပကတိအခြေအနေအရ အလွန်တင်းမာနေတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒီ အခြေ အနေမှာ နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့ဆိုတာကလည်း သူတို့ လုပ်ချင်ရာလုပ်လို့ရတဲ့ အနေအထားမျိုး မှာ ရှိနေတဲ့အတွက် သူတို့ ဒီလိုဆုံးဖြတ်တယ်ဆိုတာကိုလည်း သီးခြားဝေဖန်မှတ်ချက် မပေးချင်ပါဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ဟာ သတ် မှတ်တဲ့ ကာလအတွင်း စစ်ဆေးခံဖို့ ပျက်ကွက်တဲ့အတွက် အရေးယူဆောင်ရွက်နိုင်ဖို့ UEC ဥက္ကဋ္ဌနဲ့ အဖွဲ့ ဝင်တွေ စုံညီအစည်းအဝေး ကျင်းပခဲ့တယ်လို့လည်း ဆိုပါတယ်။

NLD ပါတီကိုတော့ ဘယ်အချိန်မှာ နောက်ဆုံးထားပြီး လာရောက်အစစ်ခံရမယ်ဆိုတာကိုတော့ တိတိ ကျကျ မပြောခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကို ပါတီစာရင်းစစ်ဆေးမှုခံယူဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူဖို့ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ ကြေညာခဲ့တာပါ။

NLD ပါတီလိုပဲ SNLD ပါတီကိုလည်း အဘက်ဘက်ကနေ ချင့်ချိန်ပြီး မျှမျှတတ ဆောင်ရွက်ဖို့လိုတဲ့ အတွက် လာမယ့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ကော်မရှင်ဆီမှာ လာရောက် အစစ်ဆေးခံဖို့ ဆုံးဖြတ်ထားတယ်လို့ စစ်ကောင်စီရဲ့ UEC က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး RFA က SNLD ကို ဆက်သွယ်ပေမယ့် မရရှိခဲ့သော်လည်း ဆက်သွယ် လို့ မရပေမယ့် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ UEC အနေနဲ့ ပါတီကို လာရောက် စစ်ဆေးရင် အစစ်ခံဖို့ အဆင်သင့်ရှိပြီး သူတို့ ခေါ်တဲ့ နေပြည်တော်ကိုတော့ သွားအစစ်မခံနိုင်ဘူးလို့ RFA ကို ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ကနေစပြီး စစ်ကောင်စီရဲ့ UEC က တည်ဆဲနိုင်ငံရေးပါတီ ၉၂ ခုကို စစ်ဆေးနေရာ ၈၃ ပါတီ စစ်ဆေးခဲ့ပြီဖြစ်ပြီး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီကို တော့ ဖျက်သိမ်းပြီးဖြစ်တဲ့အတွက် ပါတီ ၁၀ ခု စစ်ဆေးဖို့ ကျန်နေတယ်လို့လည်း ကော်မရှင်က ဒီနေ့ သတင်း စာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျန်နေတဲ့ ပါတီ ၁၀ ခုကတော့ NLD SNLD ၊ ကယန်းအမျိုးသားပါတီ၊ မြန်မာ့ လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီတို့ ဖြစ်ပါ တယ်။

မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ကိုတော့ ၂၀၂၂ ခုနှစ်၊ ဧပြီ လ ၂၅ ရက်နေ့ နောက်ဆုံးထားအစစ်ခံဖို့ ညွှန်ကြားထားပြီး တချို့ပါတီတွေကတော့ နယ်မြေ လုံခြုံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲတွေရှိလို့ ပါတီတွေအနေနဲ့ ဆက်သွယ်ညှိနှိုင်းပြီးတော့ စစ်ဆေးရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ UEC က ဒီနေ့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။