ရန်ကုန်မြို့မှာ သေဒဏ်စီရင်မှုထောက်ခံပွဲ ဘူးလက်ဦးလှဆွေ ဦးဆောင်ပြုလုပ်

ရန်ကုန်မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ထောက်ခံတာအပါအဝင် PDF တွေကိုရှုတ်ချတဲ့ လှုပ်ရှားမှုကို စစ်တပ်ထောက်ခံသူတွေက ဇူလိုင်လ ၂၉ ရက် ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီထောက်ခံပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက် ဦးလှဆွေ အပါအဝင် အမျိုးသားရေးသမားတွေက ဦးဆောင်ပြုလုပ်ခဲ့ကြတာလို့ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အကြမ်းဖက်အစွန်းရောက်လုပ်ရပ်တွေ အလိုမရှိ၊ အပြစ်မဲ့ သံဃာနဲ့ ပြည်သူတွေအပေါ် ယုတ်မာ ကောက်ကျစ်မှုတွေ အလိုမရှိ၊ အကြမ်းဖက်လုပ်ရပ်တွေ ဆန့်ကျင်ကြဆိုတဲ့ ကြွေးကြော်သံတွေကို စာရွက်တွေကြည့်ပြီး အော်နေတာတွေ့လိုက်တယ်။ ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်တဲ့ တပ်မတော်ကို ထောက်ခံမလား၊ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ PDF ကို ထောက်ခံမလားဆိုပြီး ဘူးလက်က မေးသွားတယ်။ PDF က ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တယ်ဆိုပြီး စွပ်စွဲပြောဆိုသွားခဲ့တယ်”
ဒီနေ့လှုပ်ရှားမှုကို စစ်မှုထမ်းဟောင်းတွေ၊ မဘသအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ခဲ့ကြတာလို့ ပြောကြပါတယ်။
ဘူးလက် ဦးလှဆွေ ဦးဆောင်ဟောပြောခဲ့တာနဲ့ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဒီနေ့ထောက်ခံပွဲကို ဆူးလေဘုရားကိုသွားတဲ့လမ်းတွေကို ပိတ်ပြီးတော့ ပြုလုပ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်မြို့ခံတစ်ဦးကတော့ ဒီထောက်ခံပွဲနဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့က မြို့ထဲမှာအလုပ်လာလုပ်ရတာ။ အရင်က ဆူးလေအထိ အေးဆေးလာလို့ ရတယ်။ ဒီနေ့ ကမ်းနားလမ်းကနေ ကွေ့ပတ်ပြီး လမ်းလျှောက်လာရတယ်။ အရေးမပါ ဘူး။ လုပ်ချင်ပေါ်ပေါ်ထင်ထင် လုပ်ကြလေ။ မိုးလင်းကတည်းက အကုသိုလ်တော်တော် များတယ်။ သေဒဏ်ပေးစီရင်ခံလိုက်ရပါတယ်ဆိုသူတွေ ရက်မလည်သေးဘူး၊ သေ ဒဏ်ကို ပျော်ပျော်ရွှင်ရွှင် ထောက်ခံပွဲလုပ်ရဲတဲ့လူတွေဟာ လူလိုမသိတဲ့ဟာတွေပဲ ဖြစ်မှာပါ”
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာ သော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို သေဒဏ်ပေးခဲ့မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချနေကြချိန်မှာပဲ စစ်တပ်ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုပေါ်ပေါက် လာတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့ကထုတ်ပြန်ချက် မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူ ၂၁၃၃ ဦးအထိ ရှိလာနေတယ်လို့ ဖော်ပြထားပါတယ်။