နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံ သုံးသောင်းနီးပါးရှိလာ
2022.07.27

အာဏာသိမ်း တစ်နှစ်ခွဲကျော်အထိ တစ်နိုင်ငံလုံးမှာ နေအိမ်နဲ့ အဆောက်အအုံပေါင်း သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်ကနေ အခု ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်အတွင်း ဘာသာရေးအဆောက်အအုံ၊ နေအိမ်တွေ အပါအဝင် အဆောက်အအုံ ၂၈,၄၁၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အဲဒီ သုတေသန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အဆောက်အအုံ အလုံး နှစ်သောင်းကျော် (၂၀,၄၈၅) ပါဝင်ပြီး ဒါက တစ်နိုင်ငံလုံး အတိုင်းအတာအရ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
မကွေးတိုင်းထဲက အဆောက်အအုံ ခြောက်ထောင်နီးပါး (၅,၇၀၅) မီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာတော့ နေအိမ်နဲ့ အဆောက်အအုံ နှစ်ထောင်ကျော် (၂,၂၂၉) ထက်မနည်း ပျက်စီးခဲ့တယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။
ဒီလိုမီးရှို့ဖျက်ဆီးခံရတာတွေဟာ အခုနှစ် မေလမှာ အများဆုံးဖြစ်ခဲ့တယ်လို့လည်း ဆိုထား ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေကို မီးရှို့တာမျိုးမရှိဘူးလို့ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့က RFA ကို ငြင်းဆို ထားပါတယ်။