စစ်မှုမထမ်းလိုတဲ့ လူတစ်သောင်းခွဲခန့် ဆက်သွယ်လာကြောင်း NUG ပြော

RFA Burmese
2024.04.30
စစ်မှုမထမ်းလိုတဲ့ လူတစ်သောင်းခွဲခန့် ဆက်သွယ်လာကြောင်း NUG ပြော မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၇) မှ စစ်သင်တန်းသားများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

စစ်ကောင်စီထံမှာ စစ်မှုမထမ်းလိုတဲ့ နိုင်ငံတစ်ဝန်းက လူတစ်သောင်းခွဲခန့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဆက်သွယ်လာတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဧပြီလ ၃၀ ရက်နေ့ ပြုလုပ်တဲ့ အစိုးရ (၃) နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

NUG အနေနဲ့ ပြည်သူတွေကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ တယ်လီဂရန်ချန်နယ် (Telegram Hot Line) နဲ့ ချိတ်ဆက်ထားတယ်လို့လည်း ဆိုပါတယ်။

ဆက်သွယ်မေးမြန်းသူတွေထဲမှာ အများစုက အမျိုးသားတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေအပြင် မိဘ၊ ဆွေမျိုးတွေကလည်း မေးမြန်းတာတွေရှိတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

"လာရောက်ဆက်သွယ်ပြီးတော့ PDF ထဲဝင်ချင်တယ်ဆိုလည်း MOD နဲ့ ချိတ်ဆက်ပြီးတော့ ဝင်ချင်တဲ့သူတွေကို ဆောင်ရွက်ပေးတာရှိတယ်။ လွတ်မြောက်ရာနယ်မြေမှာ ခိုလှုံချင်တယ်ဆိုရင်လည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပို့ဆောင်ပေးပါတယ်"

ဒီလိုဆောင်ရွက်မှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်သားစုဆောင်းခံရပြီးနောက် ပြည်သူတွေကို ပြန်တိုက်ခိုက်သူတွေမဖြစ်ဖို့ ပြည်သူ့ရင်ခွင်အဖွဲ့လို အကူအညီပေးရေးအဖွဲ့တွေကိုလည်း ဆက်သွယ်နိုင်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အပတ်စဉ် (၂) စစ်သင်တန်းအတွက် ဧပြီလဆန်းပိုင်းကတည်းက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်မှာ လူငယ်တွေကို စာရင်းစကောက်နေပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ဧပြီလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်ငါးထောင်ခန့်ဟာ မတ်လကုန်ပိုင်းမှာ စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။