ကလေးမြို့က NLD အမတ်အိမ်တွေ ချိတ်ပိတ်ခံရ
စစ်ကိုင်းတိုင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော် အမတ်တွေရဲ့ အိမ်တွေ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၉ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချိတ်ပိတ်တာခံလိုက်ရပါတယ်။
NLD အမတ်တွေဖြစ်တဲ့ ဒေါ်သန့်ဝေကျော်ရဲ့ အိမ်နှစ်လုံးနဲ့ ဒေါ်ရှားမီးရဲ့ အိမ်တစ်လုံး ချိတ်ပိတ်ခံရတာလို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အရင်တုန်းက လှိုင်သာယာရပ်ကွက်ထဲက ဒေါ်သန့်ဝေကျော်ရဲ့ အိမ်တစ်လုံးနဲ့ ရွှေနှင်းဆီနားက ဒေါ်ရှားမီးရဲ့အိမ်တွေကို ချိတ်ပိတ်တာ၊ အခုက ဒေါ်သန့်ဝေကျော်ရဲ့ နောက်ထပ်အိမ် တစ်လုံးလည်း ချိတ်ပိတ်ခံလိုက်ရတာတွေ့တယ်၊ ဒေါ်သန့်ဝေကျော် ကတော့ ပုဒ်မ ၅၀၅ ထုတ်ခံထားရတယ်လို့ သိရတယ်"
စမ်းမြို့ရပ်ကွက်ထဲက NLD ပါတီရဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးရဲ့အိမ်နဲ့ လှိုင်သာယာရပ်ကွက်နဲ့ မြို့သာရပ်ကွက်မှာရှိတဲ့ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ရဲ့ အိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိတ်ပိတ်ခဲ့တာလို့ သူတို့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာလည်း ဖော်ပြထားပါတယ်။
ဒီအဆောက်အအုံနဲ့ မြေနေရာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံတော်ပိုင်သိမ်းမှာဖြစ်ပြီး၊ မကျူးကျော်ဖို့၊ ရောင်းချတာတွေမလုပ်ဖို့ ဆိုတဲ့စာသားတွေ ရေးထားတဲ့ ဗီနိုင်းတွေကို အဲဒီအိမ်ရှေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာကပ်ထား ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁) ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်ထိ နေအိမ်နဲ့ အဆောက်အအုံ ချိတ်ပိတ်ခံထားရတဲ့ NLD ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝန်းရံတဲ့ပြည်သူ စုစုပေါင်း ၇၇ ဦးရှိပြီလို့ NLD ပါတီက ဇန်နဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။