ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ရွှေ့မှာမဟုတ်ကြောင်း စစ်ကောင်စီပြော

2022.07.01
ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ရွှေ့မှာမဟုတ်ကြောင်း စစ်ကောင်စီပြော နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဥ်
AFP Photo
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလ ထိန်းသိမ်းထားတဲ့နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုချက်ကို လိုက်လျောမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ဒီနေ့ပြောပါတယ်။
 
ဇူလိုင်လ ၁ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအထူး ကိုယ်စားလှယ်က တောင်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာမှာ ပြန်ထားမှာလားဆိုတဲ့မေးခွန်းကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
 
“နိုင်ငံတော် အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖြေကြားခဲ့တဲ့ဟာ ပုံသေပဲ၊ တစ်ခုပဲ ရှိပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိပါဘူး။ ကျနော်တို့ အနေနဲ့ နေရာပြောင်းရွှေ့ ထားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးတလည် စောင့်ရှောက်မှုများ ပြုလုပ်ထားပါတယ်”
 
အခုလို ပြောင်းရွှေ့ရတဲ့ အခြားအကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး၊ တရားရုံးထုတ်ကိစ္စတွေမှာလည်း ပိုပြီးတော့ အဆင်ပြေအောင် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
 
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းကတော့ လက်ရှိမှာ စစ်ကောင်စီက အာဏာရှိနေတဲ့အတွက် သူတို့ဆန္ဒရှိသလို လုပ်ဆောင်နေတာလို့မြင်ကြောင်း RFA ကို ပြောပါတယ်။
 
“အာဏာရှိတဲ့လူကတော့ သူကြိုက်သလို လုပ်နေတဲ့သဘောမျိုးပေါ့။ အခုလည်း ထောင်ထဲမှာ ပြောင်းစစ်ဖို့ လုပ်တယ်။ သူ့လုပ်ပိုင်ခွင့် ဘောင်ထဲမှာပဲ ပြောင်းလုပ်နေတာ။ ဦးသန်းရွှေ လက်ထက်မှာလည်း ဒီလိုပဲ လုပ်ခဲ့ တာပဲ။ အိမ်အကျယ် ချုပ်ထားတယ်။ ထောင်ထဲကိုလည်း ပို့တယ်။ ထောင်ထဲအထိ မဟုတ်ပေမယ့် ထောင်ကျ တာပါပဲ။ အိမ်မှာပဲထားထား ဘယ်လိုပဲဖြစ်ဖြစ် ချုပ်ထားတာပါပဲ”
 
အပြစ်ရှိတဲ့သူကို ထောင်ထဲကို ထည့်ထားတယ်ဆိုပြီး ပြချင်တဲ့ သဘောမျိုးလည်း သက်ရောက်နေ တယ်လို့လည်း ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။
 
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့ ဇွန်လ ၃၀ ရက် မနေ့က နေပြည်တော်မှာတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဆက်လက်တောင်းဆိုခဲ့ကြောင်း ဒီနေ့မနက်က နေပြည်တော်မှာ အထူး ကိုယ်စားလှယ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။
 
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင် ထဲကို ပြောင်းရွှေ့ခံလိုက်ရပြီးနောက် အရင်က အနီးကပ် ပြုစုနေသူအားလုံးကို စစ်ကောင်စီက လိုက်ပါခွင့် မပေးတော့ဘဲ တစ်ယောက်တည်း ထိန်းသိမ်းခံနေရတာလည်းဖြစ်ပါ တယ်။
 
အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ အဲဒီအထဲက အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့အမှု ၁၃ မှု အတွက် ဆက်လက်ရင်ဆိုင်နေရပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့နေ့မှာပဲ နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ မြနန်းဘုံသာလမ်းမှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးပြီး အဲဒီနေအိမ်မှာ နှစ်ရက်တိတိ အကျယ်ချုပ် ထားခဲ့ပါတယ်။
 
နောက်ပိုင်းမှာတော့ နေပြည်တော်က အမည်မသိတဲ့ နေရာတစ်ခုကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး အခု ဇွန်လမှာတော့ နေပြည်တော် အချုပ်ထောင်ထဲကို စစ်ကောင်စီက ပို့လိုက်တာလည်း ဖြစ်ပါတယ်။
 
ယခင်စစ်အစိုးရတွေ လက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင် အဖြစ်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်-၅၄ မှာ နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ခန့် နေထိုင်ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာမှ နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်ခဲ့တာပါ။
 
အခုလို နေပြည်တော်အချုပ်ထောင်ကို အပို့ခံရတာက ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာတော့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းကို ကျူး ကျော်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းကလည်း စစ်တပ်က သူမကို အင်းစိန် ထောင်မှာ လေးလကြာ ထိန်းသိမ်းထားခဲ့ပါတယ်။
 
လက်ရှိ နေပြည်တော် အချုပ်ထောင်ထဲမှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီအခြေအနေတွေကို အတည်ငြိမ်ဆုံး ကျော်ဖြတ်နေတယ်လို့ သူနဲ့ နီးစပ်သူတွေကို ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။