စစ်ကောင်စီက သံတွဲမြို့နယ် ဂျိုင်သာရွာကို အင်အားသုံးဖယ်ရှား

2022.09.28
စစ်ကောင်စီက သံတွဲမြို့နယ် ဂျိုင်သာရွာကို အင်အားသုံးဖယ်ရှား စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးဖယ်ရှားခဲ့သည့် သံတွဲမြို့နယ် ဂျိုင်သာရွာက နေအိမ်များအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကောင်စီတပ်သားတွေက ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဂျိုင်သာရွာက နေအိမ်တွေကို စက်တင်ဘာ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ ဂျိုင်သာရွာဒေသခံ တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အိမ်ထဲက ပစ္စည်းတွေသိမ်းဖို့ ဆယ်မိနစ်ပဲ အချိန်ပေးခဲ့တယ်လို့ နေအိမ်ဖျက်သိမ်းခံရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က ရဲရော၊ စစ်တပ်ရော၊ မီးသတ်၊ ထွေအုပ် အားလုံး ၈၀ လောက်ရှိတယ်။ အချုပ် ကားတွေတောင်ပါတယ်။ အိမ်တစ်အိမ်ကို ပစ္စည်းတွေသိမ်းဖို့ ၁၀ မိနစ်အချိန်ပေးတယ်။ ဘာမှလည်း မေးလို့မရ။ ဓာတ်ပုံလည်း မရိုက်ရဘူး။ မေးပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။ အခု ကျနော်တို့အိမ်တွေကို အားလုံးဖယ်ရှားလိုက်ပြီ”

သံတွဲမြို့အနောက်တောင်ဘက် ၂၇ မိုင်အကွာက ဂျိုင်သာရွာမှာ အိမ်ခြေ ၇၀ ကျော်ရှိပြီး လူဦးရေ ၃၅၀ ကျော် နေထိုင်ပါတယ်။ စစ်ကောင်စီတပ်က စီမံကိန်းရှိတယ်လို့ပြောပြီး ဒီနှစ် သြဂုတ်လကတည်းက ရွာကိုပြောင်းရွှေ့ပေးဖို့ ဒေသခံတွေကို ဖိအားပေးခဲ့တာပါ။ ဘာစီမံကိန်းလဲဆိုတာ စစ်ကောင်စီက ထုတ်မပြောပါဘူး။

ဂျိုင်သာရွာနဲ့ လေးမိုင်အကွာက တောင်ကုန်းပေါ်မှာ အစားထိုးနေရာပြန်ပေးခဲ့ပေမယ့် ဒေသခံတွေဟာ တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းရတာကြောင့် ပင်လယ်နဲ့ဝေးတဲ့ နေရာကို မသွားချင်ကြပါဘူး။ တချို့က စစ်ကောင်စီပေးတဲ့နေရာ အပါအဝင် နီးစပ်ရာ ဒေသတွေဆီ ပြောင်းရွှေ့ခဲ့ကြပေမယ့် ဒီကနေ့အထိ ဂျိုင်သာရွာမှာ အိမ်ခြေ ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀ ဝန်းကျင်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျန်နေတဲ့ အိမ်တွေအားလုံး ဖျက်ဆီးခံလိုက်ရတာကြောင့် ဘာဆက်လုပ်ရမလဲ မသိသေး ဘူးလို့ ဂျိုင်သာရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ပင်လယ်ကိုအမှီပြုလို့ လုပ်စားနေကြတာလေ။ ပင်လယ်နဲ့ လေးမိုင် လောက်ဝေးတဲ့ တောင်ပေါ်မှာ ကျနော်တို့ ဘာလုပ်စားရမလဲ။ အခု အားလုံးဖျက်ဆီး ခံလိုက်ရပြီဆိုတော့ ကျနော်တို့လည်း ဘာဆက်လုပ်ရမလဲ မသိတော့ဘူး”

ဂျိုင်သာရွာကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီကပေးထားတဲ့ သတိပေးစာမှာ နိုင်ငံတော်အစိုးရ၊ အာဏာပိုင်ရဲ့ ခွင့်ပြုချက်မရဘဲ တစ်ဆင့်ငှားရမ်းတာ၊ အစိုးရရဲ့အိမ် ဥပစာမှာ နေထိုင်ခဲ့ပြီး လိုက်နာရမယ့် စည်းကမ်းချက်တွေကို မလိုက်နာတာ၊ အစိုးရအိမ် ဥပစာမှာ ခွင့်ပြုချက် မရဘဲ နေထိုင်နေတာလို့ ယူဆတာကြောင့် ၁၉၅၅ ခုနှစ်အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ - ၃ အရ ဖယ်ရှားတာလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။