စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ကို စွန့်ခွာပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ NUG တိုက်တွန်း
2024.01.04

စစ်ကောင်စီလက်အောက်ခံ တပ်မှူး၊ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကိုစွန့်ခွာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဇန်နဝါရီလ ၄ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
စစ်မြေပြင်မှာ သုံ့ပန်းအဖြစ် ဖမ်းဆီးမခံရရေး ပြည်သူ့ဘက်ကရပ်တည်ပြီး အချိန်မီ ဘက်ပြောင်းဝင်ရောက်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေထံ အမြန်ဆုံးဆက်သွယ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိခဲ့ပြီဖြစ်ပေမဲ့ စစ်ကျွန်ဘဝမှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် နစ်မွန်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ အသုံးချမခံဘဲ ကိုယ်လျှောက်ရမဲ့လမ်းကို အသိဉာဏ်ရှိရှိနဲ့ သတ္တိရှိရှိ ကိုယ်တိုင်ရွေးချယ်ဖို့ တိုက်တွန်းထားပါတယ်။
NUG ရဲ့တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြည်ထောင်စုမပြိုကွဲရေးအတွက် စောင့်ရှောက်နေတာဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေး အဖွဲ့တွေသာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်ကို သစ္စာခံပြီး ကာကွယ်ပေးနေတာတွေကို ရပ်တန်းက ရပ်ဖို့ကိုလည်း NUG က သတိပေးထားပါတယ်။
ခေတ်စနစ်ပြောင်းလဲရေးကို လက်ခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက ကြိုဆိုနေမှာ ဖြစ်ပြီး ကိုယ်တိုင်သမိုင်းသစ်ရေးသူတွေ ဖြစ်လာမယ်လို့လည်း ဆိုထားပါတယ်။