စစ်သင်္ဘောတွေနဲ့ ရွာတွေကိုပစ်နေလို့ ဆားလင်းကြီးဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရ

RFA Burmese
2023.07.31
စစ်သင်္ဘောတွေနဲ့ ရွာတွေကိုပစ်နေလို့ ဆားလင်းကြီးဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှ ပစ်ခတ်နေသည့် စစ်ကောင်စီ စစ်သင်္ဘောများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။
ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းတလျှောက်က ရွာတွေကို စစ်ကောင်စီတပ်က စစ်သင်္ဘောခုနစ်စင်းပါ သင်္ဘောအုပ်စုနဲ့ ဇူလိုင်လ ၂၉ ရက်ကစပြီး လိုက်ပစ်နေလို့ ပြည်သူ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၉ ရက်၊ မနက် ၈ နာရီခန့်ကစပြီး စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ရွာတွေကို ပစ်ခတ်နေတာဖြစ်ပြီး အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရွှေကုန်းရွာက ဒေသခံ နှစ်ဦး (အမည်နဲ့ အသက်မသိရသေး)နဲ့ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် သုံးဦး၊ စုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးတွေနဲ့ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် လိုက်လံပစ်ခတ်နေတာဖြစ်လို့ ကမ်းနားရွာတွေဖြစ်တဲ့ ရွှေကုန်း၊ ပေါင်းဝ၊ ဝဲကြီး၊ ဝဲကွဲ၊ ဆားထုံး၊ ဆားခါး၊ လက်ပတောင်း၊ တုံရွာမ၊ သံဘိုတောင်၊ စည်သူ၊ ကျောက်မှော် စတဲ့ ရွာ ၁၁ ရွာက ပြည်သူရှစ်ထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့က ရွာကိုပြန်သွားတာရှိပေမဲ့ အများစုကရှောင်နေဆဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေကြောင်းကနေ ခုနစ်စင်းလာတာပါ။ ဆားလင်းကြီးမြို့နယ်ထဲရောက်တဲ့အခါကျတော့ ကမ်းပါးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပေါ့။ အဲတုန်းကတော့ ရွှေကုန်းနဲ့ ရွာခြောက်ရွာက ဒေသခံ ငါးထောင်လောက် ရှိတယ်။ ထွက်ပြေးရတာပေါ့။ ရွှေကုန်းမှာဆိုရင် လက်နက်ကြီးမှန်လို့ အိမ်တချို့ပျက်စီးတာလည်း ရှိတယ်။ အခုတော့ တချို့ကရွာတွေကို ပြန်လာတာရှိတယ်။ ဒါပေမဲ့ အများစုရှောင်နေတုန်းပဲ”

ဇူလိုင်လ ၃၁ ရက် ဒီနေ့မှာတော့ စစ်ကောင်စီ စစ်သင်္ဘော ခုနစ်စင်းဟာ ချင်းတွင်းတံတားအထက်ပိုင်း သံဘို၊ စည်သူ၊ ကျောက်မှော်ရွာအနီး ရပ်နားထားတဲ့အတွက် အဲဒီက ဒေသခံ သုံးထောင်နီးပါး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရွာတွေ ပစ်ခတ်နေတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးစောနိုင်ကို ဒီနေ့ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။