အကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့်ရရေး စစ်ကောင်စီနဲ့ ICRC ဆွေးနွေး
2023.03.10

အကျဉ်းကျနေသူတွေ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရရေးအတွက် စစ်ကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ မတ်လ ၈ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်ကပ်ရောဂါ စည်းကမ်းကန့်သတ်ချက်တွေကြောင့် အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ လူချင်းတွေ့ဆုံခွင့်ကို ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားတာဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း အဲဒီအကြောင်းပြချက်နဲ့ပဲ ထောင်ဝင်စာပစ္စည်းသာ ပေးခွင့်ရပြီး လူကိုယ်တိုင် တွေ့ခွင့်မရပါဘူး။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်မှာ အကျဉ်းကျနေသူတွေကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပြန်ပေးရေးအတွက် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က ဒီကိစ္စအတွက် ပြန်ပြီးခွင့်ပြုပေး၊ မပေးကိုတော့ ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။
အခုတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ICRC (မြန်မာ) ရုံးခွဲဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းမှုကို ဆန့်ကျင်လို့ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ဇနီးကတော့ အကျဉ်းကျနေသူရဲ့ ကျန်မာရေးကိစ္စတွေကို သိချင်တာကြောင့် မိသားစုနဲ့ တွေ့ဆုံခွင့်ရချင်တယ်လို့ RFA ကို ပြောပါတယ်။
“ကျမတို့က တွေ့ခွင့်ရချင်တာပေါ့။ သူရဲ့ ကျန်းမာရေးသိချင်တယ်။ စားရေးသောက်ရေး အဆင်ပြေလား သိချင်တယ်၊ ဘာမှ မသိရတာ။ စာအဆက်အသွယ်တောင် မရှိဘူး။ စာတစ်စောင်ထည့်တော့လည်း တစ်လနဲ့လည်းမရောက် နှစ်လနဲ့လည်းမရောက်”
အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အကျဉ်းထောင်တွေထဲ လိုက်လံစစ်ဆေးစဉ် နိုင်ငံရေးအကျဉ်းသားတွေက မိသားစုနဲ့ တွေ့ခွင့်ရဖို့ တင်ပြခဲ့ပေမယ့် အဲဒီကိစ္စကို ဒီနေ့ထိ ခွင့်မပြုသေးပါဘူး။
ICRC (မြန်မာ) ရုံးခွဲရဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ အကျဉ်းချခံ ထားရသူတွေကို ဂုဏ်သိက္ခာရှိရှိ လူသားဆန်စွာ ဆက်ဆံဖို့ လိုအပ်ပြီး၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေးဟာ အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းသားတွေရဲ့ အခြေအနေကို လေ့လာစစ်ဆေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့်ကိုတော့ အာဏာပိုင်တွေက ၂၀၂၀ မတ်လကတည်းက ရပ်ဆိုင်းထားတယ်လို့လည်း ICRC က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၉ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၆,၄၂၅ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၄,၉၉၃ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။