စစ်ခေါင်းဆောင် ဘီလာရုစ်ကို သွားမည်

RFA Burmese
2025.03.06
စစ်ခေါင်းဆောင် ဘီလာရုစ်ကို သွားမည် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နေပြည်တော်လေဆိပ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
MRTV

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံကို မတ်လ ၇ ရက်နေ့မှာ အလည်အပတ်ရောက်ရှိမှာဖြစ်ကြောင်း ဘီလာရုစ်အစိုးရပိုင်သတင်းဌာန BelTA က ဖော်ပြပါတယ်။

ဘီလာရုစ်သမ္မတ လူကာရှန်ကိုက စစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံမှာဖြစ်ပြီး ကုန်သွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ သိပ္ပံဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အိမ်နီးချင်း ဘီလာရုစ်နိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံငယ်တစ်ခုဖြစ်ပြီး မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ ဘီလာရုစ်နိုင်ငံကို သွားရောက်တာဟာ သူ့အတွက် လုံခြုံမှုရှိတာကြောင့်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ရုရှားလို အင်ပါယာကြီးရဲ့ ထီးရိပ်အောက်မှာရှိတဲ့ တိုင်းပြည်က သူ့အတွက် လုံခြုံရေးနဲ့ အာမခံချက်ရှိတဲ့ ဘီလာရုစ်ဖြစ်တာကြောင့် ဒီခရီးစဉ်ကို ရွေးချယ်လိုက်ပုံရပါတယ်။ အဲဒါကြောင့်လည်း သူ့ရဲ့ လုံခြုံရေးနဲ့ သူ့ရဲ့အနာဂတ် ရိုက်ခတ်မှုကို အကာအကွယ်ပေးမဲ့ ဘီလာရုစ်နိုင်ငံမှာ သွားပြီးတော့ သူ့ဘ၀လုံခြုံရေးအတွက် သွားပြီး အုတ်မြစ်ချတယ်လို့ ကျွန်တော်က ယူဆပါတယ်"

ရုရှားကို အလည်အပတ်ခရီးစဉ် ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘီလာရုစ် ခရီးစဉ်ပြီးရင် ရုရှားနိုင်ငံကို ပြန်လာပြီး ဗလာဒီဗော့စတော့မြို့ကို သွားရောက်မှာဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေက ရေးသားဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း သဘောတူ ညီချက် ဆယ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း စစ်ကောင်စီရဲ့ မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။