တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲကြိုဆိုနေကြောင်း စစ်ခေါင်းဆောင်ပြော
2024.12.29

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို ဖိတ်ခေါ်ကြိုဆိုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရလာတဲ့ သဘောထားမှတ်ချက်တွေကို နောက်လာမဲ့ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုနိုင်ဖို့ မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
ကိုလိုနီနယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကြုံနေရတယ် လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကရင်တိုင်းရင်းသားတွေ အပါအဝင် တိုင်ရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) က လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ဒီဇင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန် ထားတာ မတွေ့ရသေးပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးသားစွာဖြေရှင်းသင့်ပြီး ပြေလည်အောင် မဆောင်ရွက်နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း ဒီနေ့ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောပါတယ်။
၁၉၄၉ ခုနှစ်ကစခဲ့တဲ့ ကရင်အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေး ပုံစံပြောင်းခဲ့တာ ဒီနေ့အထိဖြစ်ပြီး ခေတ်အဆက်ဆက် အာဏာရသူတွေဟာ လက်နက်အားကိုးနဲ့ အင်အားနည်းသူတွေကို ဖိနှိပ်ချေမှုန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်း စစ်ရေးအခြေအနေကို ဖော်ပြနေတဲ့ BNI-Myanmar Peace Monitor ရဲ့ ဒီဇင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၈၉ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။