ဖမ်းဆီးမိသူတွေကို နှိပ်စက်သတ်ဖြတ်ခြင်း မပြုဖို့ PDF အဖွဲ့ဝင်တွေကို သတိပေး

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.28

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဥပဒေမဲ့ သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ သတင်းထွက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်ထမ်းဆောင်သူတွေအနေနဲ့ ရန်သူ့ဘက်က လက်နက်ချသူတွေနဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်း မပြုလုပ်ရလို့ မေလ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထာားပါတယ်။

စစ်ကောင်စီရဲ့ ဥပဒေမဲ့သတ်ဖြတ်ညဉ်းပန်းမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့ လူငယ်တချို့အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လက်နက်ချဖမ်းဆီးမိသူတချို့ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့တယ်လို့ သတင်းထွက်ပါတယ်။ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတခုမှာဆိုရင် ဖမ်းမိထားသူတဦးကို လက်နက်ကိုင်တဦးက သေနတ်နဲ့ ပစ်ခတ်တာမြင်ရပါတယ်။ အဲဒီပစ်ခတ်သူတွေဟာ ဘယ်အဖွဲ့အစည်းကလဲဆိုတာတော့ မသိနိုင်ပါဘူး။

ဒီအတောအတွင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ မေလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပါဝင်ထမ်းဆောင်သူတွေအနေနဲ့ ရန်သူ့ဘက်က လက်နက်ချသူတွေနဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်း မပြုလုပ်ရ၊ ဂျီနီဗာသဘောတူညီချက်မှာ ပြဌာန်းချက်တွေအတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံရမယ်၊ သူတို့မိသားစုတွေကို အသိပေး အကြောင်းကြားပြီး ကျန်းမာရေးစောင့်ရှောက်ရမယ်၊ ချုပ်နှောင်ဖို့လိုအပ်ရင် ကျား မ သီးသန့်ထားရမယ်ဆိုပြီး အချက် ၃ ချက် ဖော်ပြထားပါတယ်။

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ နော်ဝေနိုင်ငံဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဒေါက်တာမောင်မောင်မြင့် ကပြည်သူတွေရဲ့ နာကျည်းမှုတွေကို သူနားလည်ပါတယ်။ ဒါပေမယ့် အခြေအနေအရ စစ်တပ်ကို မြန်မြန်ချေမှုန်းရေးအတွက် မိမိဘက်က အမှားမလုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဖြစ်ခဲ့သမျှ ပြန်ကြည့်မယ်ဆိုရင်တော့ စစ်တပ်က ပြည်သူတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက တကယ်ကို အတိုင်းအဆမရှိ ကြီးမားတယ်။ သူတို့ကတော့ အမိန့်ကြောင့် ပစ်ရတာပါဆိုပြီး အစပိုင်းမှာ ပြောပေမဲ့ နောက်ပိုင်းမှာ တကယ်ကိုစိတ်ပါလက်ပါ နဲ့ ရိုက်နှက် သတ်ဖြတ်တာ လမ်းလည်ခေါင်မီးရှို့ပစ်တာ အဲဒါတွေလုပ်တယ်ဆိုတဲ့အခါ လူထုက အင်မတန် နာကြည်းတယ်။ အိမ်ထဲဝင်ပြီးဖမ်း၊ လူတွေကို ခေါ်သွားပြီးတော့ နောက်နေ့ကျ အလောင်းပြန်ပို။့ အလောင်းလာထုတ်ခိုင်း။ ဒါတွေလုပ်လာတော့ လူတွေက သူတို့ကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့ အနေအထားရှိသွားပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ PDF အဖွဲ့တွေရှိလာတဲ့အခါ သူတို့က လက်နက်နဲ့ပြန်ပြီး ခုခံကြပြီဆိုတဲ့ အနေအထားရှိလာတယ်။ တိုက်ပွဲမှာသေတယ်ဆိုတာကတော့ ဘာမှ မထူးဆန်းဘူးပေါ့နော်။ သို့သော်လက်နက်ချရင်းနဲ့ ပစ်သတ်တယ်ဆိုတာကတော့ ဒါဟာ စစ်ရာဇဝတ်မှု သင့်တဲ့သဘောမျိုး ရှိပါတယ်။”

တကယ်လို့ PDF တွေဘက်က ရာဇဝတ်မှုကျူးလွန်မယ်ဆိုရင် နွေဦးတော်လှန်ရေးကို ထိခိုက်နိုင်တယ်လို့လည်း ဒေါက်တာ မောင်မောင်မြင့်က ပြောပါတယ်။

“တကယ်လို့များ PDF က တပ်သားတွေအနေနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်မိမယ်ဆိုရင် PDF က နာမည်ပျက်သွားလိမ့်မယ်။ PDF နာမည်ပျက်ရင် PDF ကိုဖွဲ့ထားတဲ့ NUG ကလဲ နာမည်ပျက်သွားလိမ့်မယ်။ ကျနော်တို့ အားလုံးသိတဲ့အတိုင်း စစ်ကောင်စီ နဲ့ NUG က နိုင်ငံတကာ အသိအမှတ်ပြုမှု အပြိုင်အဆိုင် ကြိုးစားနေရတဲ့ အချိန်ဖြစ်ပါတယ်။ အခုလို အချိန်မှာ ကိုယ့်ဘက်ကလူတွေကမှားလို့ PDF ကြောင့် NUG ပါ နာမည်ပျက်မယ်။ သိက္ခာကျသွားမယ်ဆိုရင် ကျနော်တို့ အနာဂတ်တခုလုံး ထိခိုက်မယ့်အနေအထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်စေ ကျနော်တို့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုအပေါ်မှာ၊ ထောက်ခံမှုပေါ်မှာ မှီခိုနေရပါတယ်။ အဲဒီတော့ ကိုယ့်ဘက်ကလူတွေ ကျူးလွန်လို့ ကိုယ့်ကိုနိုင်ငံတကာက မထောက်ခံတော့ဘူးဆိုရင် ကျနော်တို့ အနာဂတ်တခုလုံး ဆိုလိုတာကတော့ ဖက်ဒရယ်စစ်တပ်တို့ ဖက်ဒရယ်ပြည်ထောင်စုတို့ဆိုတဲ့ ကိစ္စတွေ ပေါ်ပေါက်လာဖို့အတွက် အင်မတန်မှ ကြီးမားတဲ့ အနှောင့်အယှက်တွေ အဟန့်အတားတွေဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။”

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ တပ်မ ၅၅ လက်အောက်ခံ ကလောမြို့ ခလရ အမှတ် ၇ က ဗိုလ်မှူး ညွန့်နိုင်ကလည်း ပြည်သူ့တပ်မတော်အနေနဲ့ အခုလို အမြုတေ ကာလကတည်းက ဂျီနီဗာသဘောတူညီချက်တွေကို လိုက်နာဖို့လိုပါတယ်။ လက်ရှိစစ်သင်တန်းတွေမှာ ဒီကိစ္စကို သူထည့်သွင်း သင်ကြားပေးနေတယ်လို့ ပြောပါတယ်။

PDF-army.jpg
မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သင်တန်းဆင်းပွဲ။(Photo: CRPH)

“မတရားမှုတွေကို အုံကြွတော်လှန်နေတဲ့ အဖွဲ့တွေအနေနဲ့ ခုလိုမတရားမှုတွေ မလုပ်ဖို့ ပိုပြီး သတိထားရမယ်။ လုပ်တဲ့သူတွေကို တားမြစ်ဖို့ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။ တကယ်လို့ သူတို့ကို ထိန်းသိမ်းဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ သူတို့ရဲ့ လက်နက်ခဲယမ်းကို သိမ်းဆည်းပြီး သူတို့ကို ပြန်လွှတ်တာမျိုး လုပ်သင့်ပါတယ်။ ဒဏ်ရာရတဲ့သူ လက်နက်ချတဲ့သူတွေကို သတ်ဖြတ်တာ လုံးဝမလုပ်သင့်တဲ့ ကိစ္စပါပဲ။ ဥပမာတခုပြောရရင် ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တပ်မတော်က အာဖရိကစစ်မြေပြင်မှာ ဖမ်းမိတဲ့ မဟာမိတ်စစ်သားတွေကို သူတို့ မထိန်းသိမ်းနိုင်တဲ့အခါ ဒီတိုင်းဘဲ ပြန်လွှတ်ပေးခဲ့တာဘဲ။ တချို့လဲ သိကြမှာပါ အာဖဂန်နစ္စတန်မှာ တာလီဘန်အဖွဲ့တွေဟာ အခုအကြမ်းဖက်အဖွဲ့ဖြစ်နေပြီ ၊ တချိန်တုန်းက သူတို့လဲ ၁၉၈ဝ ခုနှစ်တွေက သူတို့နိုင်ငံကို ကျူးကျော်လာတဲ့ ဆိုဗီယက်တပ်ဖွဲ့တွေကို တွန်းလှန်ဖို့အတွက် ခုလိုဘဲ ပြည်သူကြားကနေ ပေါက်ဖွားလာတာ တကယ်တော့ သူတို့လဲ တော်လှန်ရေး အဖွဲ့အစည်းတခုပါပဲ။ ဒါပေမဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အခါ တချိန်မှာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံရပြီးတော့ အကြမ်းဖက်ပြန်ဖြစ်သွားတဲ့ ဥပမာဖြစ်ပါတယ်။ အာဏာရှင်ကို တော်လှန်ရင်း နဲ့ နောက်ထပ်အာဏာရှင်တဖွဲ့ ထပ်ဖြစ်လာမှာကို ကျနော်တို့လဲ အလွန်စိုးရိမ်ပါတယ်။ ခုက ပြည်သူ့တပ်မတော် သန္ဓေတည်ထဲက ဥပဒေမဲ့ကိစ္စတွေ မလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ သင်ခန်းစာတခုအနေနဲ့ ကျနော် ပို့ချနေပါတယ်။”

နိုင်ငံရေးသမားတွေကလည်း အခုလို ဖမ်းဆီးရရှိသူ လက်နက်ချသူတွေကို ဥပဒေနဲ့အညီဆက်ဆံမယ်ဆိုရင် ရန်သူ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေအနေနဲ့ ပိုမိုလျင်မြန်စွာ လက်နက်ချမှုနဲ့ ဘက်ပြောင်းခိုလှုံမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

အရေးတော် ပုံ..အောင်ပါစေသတီး
2021-06-03 12:50

အာဏာရှင် ကြရှုံးပါစေ