အာဏာသိမ်းအရေးအပေါ်ကာလ ခြောက်လထပ်တိုးဖို့ စစ်ကောင်စီပြင်ဆင်နေ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းခြောက်လ ထပ်မံတိုးခဲ့တဲ့ စစ်ကောင်စီဟာ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ပြီး နောက်ထပ်သက် တမ်း ခြောက်လထပ်တိုးဖို့ လုပ်ဆောင်နေပါတယ်။
အခုလကုန်မှာ သက်တမ်းပြည့်တော့မယ့် စစ်ကောင်စီဟာ နောက်ထပ်ခြောက်လ သက် တမ်းထပ်တိုးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက BBC မြန်မာပိုင်း သတင်းဌာနကို မနေ့က ဖြေဆိုထားပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့အတွက် တည်ငြိမ်မှုရှိအောင် လုပ်မယ်လို့လည်း ဖြေဆိုထားတာကို တွေ့ရပါတယ်။
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အရ စစ်ကောင်စီဟာ တစ်နှစ်သက်တမ်းတစ်ကြိမ်နဲ့ ခြောက်လသက်တမ်း နှစ်ကြိမ် စုစုပေါင်း နှစ်နှစ်အထိ အာဏာယူခွင့်ရှိနေတာပါ။
အခုတစ်ခါ သက်တမ်းထပ်တိုးခဲ့ရင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီဟာ စစ်ကောင်စီသက်တမ်းရဲ့ နောက်ဆုံးလဖြစ်ဖို့ ရှိနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရပါဘူး။
အခုလို သက်တမ်းတိုးတာဟာ ရွေးကောက်ပွဲလုပ်နိုင်မယ့် အချိန်နဲ့ချိန်ဆပြီး လုပ်ဆောင်နေ တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"၂၀၂၃ ခုနှစ်မှာ သူ့အနေနဲ့ မုချရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီမှာ စစ်တပ်ကဦးစီးတဲ့ အင်အားစုတွေထဲက တစ်ယောက်ယောက်က နိုင်ငံတော်အကြီးအကဲဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်။ သဘောကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ သမ္မတ မင်းအောင်လှိုင်အဖြစ် ကူးပြောင်းဖို့ ခင်းကျင်းထားတဲ့ သတ်ကွက်လို့ ယူဆပါတယ်"
ဒါကြောင့် လက်ကျန်ခြောက်လအတွင်းမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ကြိုးစားမှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေကလည်း ဒီကာလအတွင်း တိုက်ပွဲဝင် ဆန့်ကျင်ကြရမှာဖြစ်ပြီး ဒီအပေါ်မူတည်ပြီးမှ အသာစီးရမယ့် အင်အားစု ထွက်ပေါ်လာမယ် လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်ကောင်စီရဲ့ ခြောက်လသက်တမ်းထပ်တိုးတုန်းကလည်း ပြည်သူ ကို အာဏာပြန်အပ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေဟာ ဝေဖန်ခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာမသိမ်းခင် NLD အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် ဩဂုတ်လတုန်းက ကာလုံအစည်းအဝေး မခေါ်တာဟာ အန္တရာယ် ကြီးတယ်လို့ ရုရှားမဂ္ဂဇင်းတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။