စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ တရားမဝင်ကြောင်း NUG ပြော
2025.03.18

စစ်ကောင်စီနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမဲ့ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဟာ တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က မတ်လ ၁၈ ရက် ထုတ်ပြန်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်းပြောဆိုပါတယ်။
“စစ်ကောင်စီနဲ့ ချုပ်တဲ့စာချုပ်တွေဟာ အကျိုးမရှိကြောင်းကို ရုရှားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို NUG က စာပေးပို့ထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တွေ တောင်းခံပြီး မလုပ်ကြဖို့၊ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားဖို့ သတိပေးအကြောင်းကြား လိုပါတယ်”
အာဏာသိမ်းမှု မတိုင်ခင်က ချုပ်ဆိုထားတဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ၊ နယ်နိမိတ် ပိုင်းခြားသတ်မှတ်မှုတွေကိုသာ အတည်ပြု လက်ခံထားတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီက ရုရှားနဲ့ ဘီလာရုစ်ကို သွားရောက်တာဟာ စစ်လက်နက်ပစ္စည်းရရှိရေး၊ အာဏာတည်မြဲရေးနဲ့ ရွေးကောက်ပွဲကနေ နိုင်ငံရေးထွက်ပေါက်ရှာဖို့အတွက်လို့ ဦးကျော်ဇော်က ပြောပါတယ်။
ကနေဒါအစိုးရက မတ်လအတွင်း စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန တပ်မ (၃၃) ကို ပိတ်ဆို့ အရေးယူထားပါတယ်။ ဆွစ်ဇာလန်လည်း အစိုးရက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ဒီလို အရေးယူပိတ်ဆို့မှုတွေကို ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီကို လက်နက်နဲ့ နည်းပညာလွှဲပြောင်းပေးမှု ရပ်ဆိုင်းဖို့၊ လောင်စာဆီနဲ့ ဘဏ္ဍာငွေထောက်ပံ့မှု ရပ်ဆိုင်းဖို့ နိုင်ငံတကာကို ထပ်မံတောင်းဆိုတယ်လို့လည်း NUG က ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ဆယ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအထဲမှာ ရုရှားရဲ့ထောက်ပံ့မှုနဲ့ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့စတဲ့ သဘောတူညီချက်တွေ ပါဝင်ပါတယ်။