ရုရှားနဲ့ အကောင်အထည်ဖော်မဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

RFA Burmese
2025.03.11
ရုရှားနဲ့ အကောင်အထည်ဖော်မဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အရပ်ဘက်အဖွဲ့တွေ ကန့်ကွက် ထားဝယ်စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းခွင်အနီးတစ်နေရာအား ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ရစဉ်။
REUTERS

Updated 6:12 PM Mar 11, 2025

မြန်မာနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စစ်ကောင်စီရဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်မဲ့အပေါ် ကန့်ကွက်ကြောင်း တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့ ၁၁ ဖွဲ့က မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ နိုင်ငံရေးမတည်ငြိမ်ဘဲ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခုလိုကာလမှာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာကို လက်မခံနိုင်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလိုအချိန်မှာ ဒီစီမံကိန်းသာ အကောင်အထည်ပေါ်ခဲ့ရင် ဒေသခံတွေရဲ့ အကျိုးစီးပွားထက် စစ်ကောင်စီအပါအဝင် ပူးပေါင်းလုပ်ဆောင်မဲ့အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားသာ ဖြစ်သွားနိုင်တယ်လို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ Magga Initiative အဖွဲ့က ဒါရိုက်တာ မစုစုက RFA ကို ပြောပါတယ်။

"ဒီအချိန်မှာ ကျွန်မတို့က ဒီစီမံချက်တွေပေါ့နော်၊ ဒီစက်မှုဇုန်စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း လုံးဝရှိနိုင်မှာမဟုတ်ဘူး။ ဆိုတော့ အဲဒီလိုမျိုး အနေအထားမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ဘယ်လိုမျိုး လုပ်ပေးနိုင်မှာလဲပေါ့။ အဓိကကတော့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးဆိုရင် ဒေသခံတွေရဲ့ အကျိုးစီးပွားထက် စစ်ကောင်စီနဲ့ သူနဲ့ ပူးပေါင်းလုပ်ဆောင်မဲ့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားသာလျှင် ဖြစ်လိမ့်မယ်"

ဒီစီမံကိန်းကို စစ်ကောင်စီက အတင်းအကျပ် အကောင်အထည်ဖော်ခဲ့မယ်ဆိုရင်လည်း ဒေသခံတွေက လက်မခံတဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့လည်း မစုစုက ဆိုပါတယ်။

Magga Initiative အဖွဲ့ဟာ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေအတွက် မြေယာ သိမ်းဆည်းတာတွေနဲ့ ဒေသခံတွေရဲ့ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေကို သုတေသနလုပ်နေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။

ဒီသဘောတူညီချက်ဟာ မြန်မာပြည်သူတွေရဲ့ အကျိုးထက် စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးခိုင်မြဲဖို့အတွက်သာ ဖြစ်နေတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ရုရှားကိုပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံတဲ့ပုံစံမျိုးတွေက ကျွန်တော်တို့ တွေ့လာရတယ်။ ဒါက ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် တစ်ခုမှမပါဘူးဆိုတဲ့ဟာကတော့ အရမ်းကို ထင်သာမြင်သာရှိလွန်းတယ်ဗျ။ ဒါက သူ့ရဲ့ စစ်ရေးအကျိုးအမြတ်အတွက် သူနဲ့ ရုရှားကြားမှာ အဲဒီစစ်ရေးအကျိုးအမြတ်ကို အထောက်အကူပြုမဲ့ ဆက်ဆံရေးပေါ့ဗျာ။ အဲ့ဒီဆက်ဆံရေးခိုင်မြဲဖို့အတွက်ပဲ သူဒီစီမံကိန်းကို ရုရှားဆီ ထိုးအပ်တယ်ဆိုတာမျိုးပဲ ကျွန်တော်တို့က နားလည်တယ်"

ဒေသခံတွေက ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းတွေကို ကန့်ကွက်နေတာမဟုတ်ဘဲ စစ်ကောင်စီရဲ့ သံတမန်ရေး၊ စစ်ရေးအကျိုးအမြတ်အတွက် လုပ်ဆောင်နေတာကြောင့် ကန့်ကွက်တာလို့လည်း သူက ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အနီး လမ်းပိုင်းတစ်နေရာကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: REUTERS)
ထားဝယ်အထူးစီးပွားရေးဇုန်အနီး လမ်းပိုင်းတစ်နေရာကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: REUTERS)

ဒီစီမံကိန်းကို စစ်ကောင်စီဘက်က အင်အားသုံးပြီး အကောင်အထည် ဖော်လာနိုင်ခြေရှိတာကြောင့် ဒေသခံတွေ ထိခိုက်ဆုံးရှုံးတာတွေ ပိုများနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။

"ထင်တာကျတော့ ကောင်းကျိုးဆိုတာ ရှိမှာမဟုတ်ဘူး။ ဘာလို့ရှိမှာမဟုတ်လဲဆိုတော့ သူတို့က ပြည်သူကို ကြည့်မှမကြည့်တာလေ။ အရင်တုန်းကကျတော့ ပွင့်လင်းတဲ့အချိန်ပေါ့။ လုပ်ချင်တိုင်း လုပ်လို့မရတဲ့အချိန်တုန်းကကျတော့ ကောင်းကျိုးပဲများနိုင်တယ်။ ဒါပေမဲ့ အခုချိန်မှာ သူတို့ကလုပ်ရင် ဒီတစ်သွေးတစ်သံတစ်မိန့်နဲ့ လုပ်မှာ။ ဥယျာဉ်ခြံတွေ သူတို့ယူမယ်ဆိုရင် ဒီပြည်သူတွေကို သူတို့လျော်ကြေးပေးချင်မှပေးမှာ။ အဲဒီလိုမျိုးတော့ ရှိမှာပေါ့နော်။ မဖြစ်ဖြစ်အောင်လုပ်လိမ့်မယ်။ ဒါပေမဲ့ ပြည်သူရဲ့ခံစားချက်၊ ပြည်သူတွေ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ သူတို့က ထည့်စဉ်းစားမှာ မဟုတ်ဘူး"

စီမံကိန်းကိုအကြောင်းပြုပြီး ဒေသတွင်းကို ရုရှားလက်နက်ကိုင်တွေ ဝင်ရောက်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။


ဆက်နွှယ်သောသတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနဲ့ စစ်ကောင်စီ လက်မှတ်ထိုး

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်

စစ်ကြောင်းကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဒေသခံတွေ ထွက်ပြေးနေရ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေလုပ်မယ်ဆိုရင် ရေရှည်မှာ နှစ်နိုင်ငံအကြား အကျိုးစီးပွားရှိမှာမဟုတ်ဘူးဆိုတဲ့အကြောင်း မတ်လ ၁၀ ရက်နေ့က ရုရှားနိုင်ငံကို စာပေးပို့ အသိပေးထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီနဲ့ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"ပြည်သူလူထုရဲ့ အစိုးရ ပြန်လည်ပြီးတော့ပေါ့နော်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့အစိုးရ၊ ပြည်သူ့အစိုးရအဖြစ် ပြန်တာဝန်မယူနိုင်မချင်း ဆောင်ရွက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သဘောတူစာချုပ်တွေကို ကျွန်မတို့တွေက အသိအမှတ်ပြုမှာမဟုတ်ဘူး။ တရားလည်းမဝင်ဘူး၊ ဒီရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အာမခံမှာမဟုတ်ဘူးဆိုတာတွေက ကျွန်မတို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေထဲမှာ ဖော်ပြပါရှိပြီးသား ဖြစ်ပါတယ်"

"ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့အစိုးရ၊ ပြည်သူ့အစိုးရအဖြစ် ပြန်တာဝန်မယူနိုင်မချင်း ဆောင်ရွက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သဘောတူစာချုပ်တွေကို ကျွန်မတို့တွေက အသိအမှတ်ပြုမှာမဟုတ်ဘူး"

ဒီအကြောင်းကြားစာနဲ့ ပတ်သက်လို့ ရုရှားဘက်က ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတွေဘက်က ကန့်ကွက်တာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မတ်လ ၉ ရက်နေ့က စစ်ကောင်စီဩဇာခံ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထားဝယ်စီမံကိန်းကို ရုရှားနဲ့ အဓိက ဆောင်ရွက်ဖို့ လက်မှတ်ထိုးထားပေမဲ့ ဘယ်နိုင်ငံမဆို ပါဝင်လို့ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီနဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းထဲမှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ဖို့တို့ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် Magga Initiative အဖွဲ့ ဒါရိုက်တာ မစုစု၊ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီဝင်၊ ထားဝယ်ဒေသခံ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။